The network connection is lost.

Banner Image

ဘန်လေနဲ့ ကစားမယ့်ပွဲမတိုင်မီ ကစားသမားအင်အားအပေါ် အကောင်းမြင်နေတဲ့ အာတီတာ

အာဆင်နယ်နည်းပြ မိုက်ကယ် အာတီတာက စနေနေ့မှာ ကစားမယ့် ဘန်လေနှင့်ပရီးမီးယားလိဂ်ပွဲစဉ်အတွက် ဒဏ်ရာကနေ ပြန်ကောင်းလာတဲ့ ကစားသမားတွေကို ထည့်သွင်းသွားမှာဖြစ်တယ်လို့ ပြောကြားလိုက်ပါတယ်။

အာဆင်နယ်ဟာ လွန်ခဲ့တဲ့ ရက်သတ္တပတ်က ဝက်စ်ဟမ်းကို ၆-၀ ဂိုးဖြင့် အနိုင်ရရှိခဲ့ခြင်းဟာ အကြီးမားဆုံး ပရီးမီးယားလိဂ်အဝေးကွင်းနိုင်ပွဲနှင့် သမိုင်းတစ်လျှောက် ပူးတွဲအကြီးမားဆုံး လိဂ်နိုင်ပွဲဖြစ်ခဲ့ပါတယ်။ ၆ ဂိုးပြတ်ဖြင့် အနိုင်ရရှိခဲ့တာကြောင့် တစ်ပွဲလျော့ကစားကာ ဂိုးကွားခြားချက် အကောင်းဆုံးမှာရှိနေတဲ့ မန်စီးတီးထက် သာလွန်သွားခဲ့ပါတယ်။

ဂန်းနားတွေဟာ ဇယားထိပ်က လီဗာပူးနဲ့ ၂ မှတ်အကွာမှာ ရှိနေပေမယ့် ဝက်စ်ဟမ်းနှင့်ပွဲကို ပစမစ်ရိုဝီ၊ ဂျီးဆပ်၊ ဇင်ချန်ကိုနှင့် တိုမီယာဆုတို့ အပါအဝင် အသင်းကစားသမားအများအပြား မပါဝင်ဘဲ ကစားခဲ့တာဖြစ်ပါတယ်။ ဂျီးဆပ်ဟာ ဒူးဒဏ်ရာကြောင့် ပွဲစဉ် ၂ ပွဲအထိ နားနေခဲ့ရပြီး ကုသရန် ရက်အနည်းငယ်ထက် ပိုမကြာသင့်ဘူးလို့ အာတီတာက ပြောကြားခဲ့သလို လွန်ခဲ့တဲ့ ၂ ပတ်က လီဗာပူးအား ၃-၁ ဂိုးဖြင့် အနိုင်ရခဲ့တဲ့ပွဲမှာ ဇင်ချန်ကိုက ခြေသလုံးကြွက်သား ဒဏ်ရာရရှိခဲ့တာဖြစ်ပါတယ်။

လေ့ကျင့်ရေးတွင် ခြေကျင်းဝတ်ဒဏ်ရာရရှိခဲ့တဲ့ စမစ်ရိုဝီကလည်း အသင်းမှာ မပါဝင်နိုင်ခဲ့သလို အာရှဖလားပြိုင်ပွဲမှ ပြန်လည်ရောက်ရှိလာတဲ့ တိုမီယာဆုကလည်း နာကျင်မှုဝေဒနာကြောင့် မကစားနိုင်သေးတာဖြစ်ပါတယ်။ အမည်ဖော်ပြထားခြင်းမရှိသော်လည်း ပွဲအကြိုသတင်းစာရှင်းလင်းပွဲတွင် ဘန်လေသို့သွားရောက် ကစားမယ့်ပွဲစဉ်အတွက် အပေါ်တွင်ပြောကြားထားတဲ့ ကစားသမား ၄ ဦးစလုံး ပါဝင်နိုင်ကြောင်း သတင်းထောက်တွေကို အာတီတာက ပြောကြားခဲ့ပါတယ်။

"တချို့က အခြားသူတွေထက် ပိုကောင်းလာပါပြီ။ ဒီနေ့ လေ့ကျင့်ရေးအစီအစဉ်လည်း ရှိပါတယ်။ တချို့က ဒီတစ်ပတ်မှာ နည်းနည်းလေးလောက် လုပ်ဆောင်ထားပြီး မနက်ဖြန်အတွက် ပြန်ရနိုင်မယ်လို့ မျှော်လင့်ပါတယ်" လို့ အာတီတာက ပြောထားပါတယ်။ သို့သော်လည်း မြောက်လန်ဒန်ကလပ်ဟာ ဩဂုတ်လတွင် ACL ဒဏ်ရာရရှိခဲ့ပြီး ရက်သတ္တပတ်များစွာအနားယူနေရတဲ့ တင်မ်ဘာ အပါအဝင် ကာလရှည်အနားယူနေရတဲ့ ကစားသမား ၃ ဦးမပါဝင်ဘဲ ကစားရဖို့က သေချာနေပါတယ်။

ပေါင်ဒဏ်ရာရရှိနေတဲ့ သောမတ်စ်ပါတေးက လေ့ကျင့်ရေးတွင် အသင်းဖော်များနှင့်အတူ ပြန်လည်ပူးပေါင်းခဲ့သော်လည်း အောက်တိုဘာလကတည်းက နားနေခဲ့ရတဲ့ ဂါနာနိုင်ငံသားနှင့်ပတ်သက်တဲ့ အားတက်စရာသတင်းကို အာတီတာက ပြောကြားခဲ့ပါတယ်။ "အခြားဒဏ်ရာတွေမှာ ကြီးမားတဲ့ ဆုတ်ယုတ်မှုမျိုး မရှိပါဘူး။ သောမတ်စ်ပါတေးကလည်း တကယ်ကို တိုးတက်လာနေပါတယ်။ ကျွန်တော်က အများကြီးမပြောချင်ပေမယ့် သူက အရမ်းကောင်းနေပြီး ကွင်းထဲမှာ ရှိနေပါပြီ" လို့ စပိန်သားက ပြောကြားခဲ့ပါတယ်။

ဖာဘီယိုဗီအဲရာက နိုဝင်ဘာလအတွင်းမှာ ပေါင်ခြံဒဏ်ရာကို ခွဲစိတ်ကုသမှုခံယူပြီးနောက် ကုသမှုခံယူနေရဆဲဖြစ်သော်လည်း ပေါ်တူဂီနိုင်ငံသားဟာ လာမယ့်ရက်သတ္တပတ် ချန်ပီယံလိဂ် ၁၆ သင်းအဆင့် အသင်းဟောင်း ပေါ်တိုနှင့်ပွဲမှာ ပြန်လည်ကစားနိုင်ဖို့ ရည်မှန်းထားပါတယ်လို့ ဖော်ပြထားခဲ့ပါတယ်။ ဗီအဲရာဟာ အသင်းဟောင်းနှင့် ရင်ဆိုင်ကစားရန် ရှိနေပါသလားလို့ မေးမြန်းတဲ့အခါ အာတီတာက သတင်းကောင်းတစ်ခုကို အတည်ပြုခဲ့ပြီး ပြန်လည်သက်သာလာချိန်တွင် အချိန်မီနိုင်ကြောင်း "အခွင့်အရေးရှိပါတယ်"လို့ ပြောထားပါတယ်။

"သူက ကစားနိုင်ဖို့ အရမ်းနီးစပ်နေပါပြီ။ အသင်းနဲ့ ရက်အနည်းငယ်လောက် လေ့ကျင့်ထားပြီးသားပါ။ ဒါကြောင့် အရမ်းနီးစပ်နေပြီလို့ ကျွန်တော်ထင်ပါတယ်။ သူကတော့ ကျွန်တော်တို့ မျှော်လင့်ထားတာထက် ပိုမြန်ပြီး နေရာကောင်းမှာ ရှိနေမှာပါ"လို့ အာတီတာက ပြောပါတယ်။ ဗီအဲရာဟာ အာဆင်နယ်အသင်းကြီးအတွက် ပထမဆုံးပွဲထွက်မှုအဖြစ် နိုဝင်ဘာလ ၁၁ ရက်နေ့က ဘန်လေကို ၃-၁ ဂိုးဖြင့် အနိုင်ရရှိခဲ့တဲ့ပွဲမှာ အရန်ခုံမှ ဝင်ရောက်ကစားခဲ့ပြီး ၂၄ မိနစ်အကြာတွင် ထုတ်ပယ်ခြင်းခံခဲ့ရပါတယ်။