The network connection is lost.

Banner Image

ယူနိုက်တက်အသင်းဖော်သစ်တစ်ဦးနဲ့ ရင်းနှီးနေပြီဖြစ်ကြောင်း ပြောကြားလာတဲ့ ယိုရို

လိုင်လီကနေ ပြောင်းရွှေ့ကြေးပေါင် ၅၂ သန်းနဲ့ ရောက်ရှိလာခဲ့ပြီး ပြီးခဲ့တဲ့ ဇူလိုင်လ ၁၈ ရက်နေ့ကမှ မန်ချက်စတာယူနိုက်တက်ကစားသမားဖြစ်လာတဲ့ လန်နီယိုရိုဟာ ယခုအခါမှာတော့ အသင်းရဲ့ကြယ်ပွင့်ကစားသမားတစ်ဦးနဲ့ ရင်းနှီးနေပြီဖြစ်ကြောင်း ပြောကြားလာခဲ့ပါတယ်။

အသက်-၁၈ နှစ်အရွယ် ဗဟိုခံစစ်မှူးဟာ ရိန်းဂျားကို ၂-၀ နဲ့ အနိုင်ရခဲ့တဲ့ ယူနိုက်တက်ရဲ့ ရာသီကြို ဒုတိယခြေစမ်းပွဲစဉ်မှာ ပထမဆုံးအကြိမ် ပါဝင်ကစားခွင့်ရခဲ့ပြီး တောက်ပတဲ့ ခြေစွမ်ကောင်းကို စတင်ပြသနိုင်ခဲ့ပါတယ်။ မကြာသေးမီကပြုလုပ်ခဲ့တဲ့ အင်တာဗျူးတစ်ခုမှာတော့ ယိုရိုက ယူနိုက်တက်အသင်းဖော်သစ် ကိုဘီမိုင်နူးနဲ့ ရင်းနှီးတဲ့ဆက်ဆံရေးရှိနေပြီဖြစ်ကြောင်း ထုတ်ဖော်ပြောကြားလာခဲ့ပါတယ်။

ယိုရိုက “ကျွန်တော် ကိုဘီမိုင်နူးနဲ့ အရမ်းရင်းနှီးပါတယ်။ ဒါကကျွန်တော့်အတွက် အများကြီးအကူအညီဖြစ်စေပါတယ်။ သူက ကျွန်တော့်ဆီကို မက်ဆေ့တွေ ပို့လေ့ရှိပါတယ်။ မိုင်နူးက လူကောင်းတစ်ယောက်ပါ” လို့ ပြောကြားခဲ့ပါတယ်။

လက်ရှိအချိန်မှာတော့ မိုင်နူးဟာ ယူနိုက်တက်ရဲ့ ရာသီကြို လေ့ကျင့်ရေးအစီအစဉ်တွေမှာ ပါဝင်နိုင်ခြင်းမရှိသေးပါဘူး။ မိုင်နူးနဲ့ လုခ်ရှောတို့ဟာ စပိန်ကိုရှုံးနိမ့်ခဲ့တဲ့ ယူရို ၂၀၂၄ ဗိုလ်လုပွဲ အပြီးမှာကတည်းက အခုချိန်အထိ ကာလရှည်အနားရနေကြတာဖြစ်ပါတယ်။ ဆက်လက်ပြီး ယိုရိုက သူဟာ ယူနိုက်တက်သို့ အပြီးသတ်မပြောင်းရွှေ့ခင်မှာ အသင်းရဲ့ဂန္ထဝင်နောက်ခံလူဟောင်း ရီယိုဖာဒီနန်နဲ့ စကားပြောဆိုခဲ့တယ်လို့ ထုတ်ဖော်ပြောကြားလာခဲ့ပါတယ်။

ယိုရိုက “လွန်ခဲ့တဲ့ ၂ ပတ်လောက်က ဖာဒီနန် ကျွန်တော့်ကိုဖုန်းခေါ်ခဲ့ပါတယ်။ ကျွန်တော်တို့ ယူနိုက်တက်အကြောင်း ၁၀ မိနစ်လောက်စကားပြောခဲ့ပြီး ကျွန်တော့်ရဲ့အပြောင်းအရွှေ့အတွက် အကူအညီဖြစ်စေခဲ့ပါတယ်။ သူက ကလပ်အကြောင်းကို အဓိကပြောခဲ့ပြီး ဒီအသင်းက သမိုင်းဝင်အသင်း တစ်သင်းဖြစ်တာကြောင့် ကျွန်တော့်အနေနဲ့ အသင်းအတွက် တိုက်ခိုက်ပေးဖို့ လိုအပ်တယ်လို့ပြောပါတယ်။ ဒီအသင်းက ကမ္ဘာ့အကြီးကျယ်ဆုံး အသင်းဆိုတာလည်းပြောခဲ့ပါတယ်။ ဒီအကြောင်းတွေပြောခဲ့ရတာ တကယ်ကောင်းပါတယ်”လို့ ထပ်လောင်းပြောကြားခဲ့ပါတယ်။

ယိုရိုဟာ ၂၀၂၄ အိုလံပစ်ပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်သွားမယ့် အွန်နရီနဲ့ ပြင်သစ်အသင်း ယာယီလူစာရင်းမှာလည်း ပါဝင်ခဲ့ပါတယ်။ သို့သော်လည်း အပြီးသတ် လူစာရင်းမှာတော့ ပါဝင်ခဲ့ခြင်းမရှိတာကြောင့် ယခုအခါမှာ ယူနိုက်တက်နဲ့အတူ ခြေစမ်းပွဲစဉ်တွေကစားဖို့ အမေရိကန်သို့ ခရီးထွက်ခွာသွားမှာဖြစ်ပါတယ်။