The network connection is lost.

Banner Image

နောက်ဆုံးချိန်အထိ ခက်ခက်ခဲခဲကစားခဲ့ရလို့ နယူးကာဆယ်ကို အာတီတာ ချီးကျူး

အာဆင်နယ်နည်းပြ မီခေးလ်အာတီတာက ယမန်နေ့ညကယှဉ်ပြိုင်ခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ နယူးကာဆယ်ကို ၂-၁ နဲ့အနိုင်ရခဲ့ပေမယ့် ပွဲချိန်တစ်လျှောက်လုံးခက်ခက်ခဲခဲကစားခဲ့ရတာကြောင့် ပြိုင်ဘက်အသင်းကို ချီးကျူးပြောဆိုမှုတွေပြုလုပ်လာခဲ့ပါတယ်။ 

နယူးကာဆယ်အနေနဲ့ ပထမဆုံးအတွင်း တိုက်စစ်မှူး ဗော့တမာဒါနဲ့သွင်းဂိုးနဲ့ ပွဲကိုစတင်ဦးဆောင်နိုင်ခဲ့ပေမယ့် ပွဲပြီးကာနီးမှာခွင့်ပြုခဲ့ရတဲ့ မီခေးလ်မီရီနို၊ ဂါဘရီရယ်တို့ရဲ့သွင်းဂိုးတွေကြောင့် အာဆင်နယ်ကို အိမ်ကွင်းမှာအရေးနိမ့်ခဲ့တာဖြစ်ပါတယ်။

ယခုပွဲစဉ်မှာ အာတီတာဟာ တောင်ပံကစားသမား ဘူကာယိုဆာကာနဲ့ အီဘရီချီအီဇီတို့ကို တွဲဖက်ပေးခဲ့ပြီး တိုက်စစ်ပိုင်းမှာ စွမ်းဆောင်ရည်ကောင်းရရှိအောင် ဖန်တီးနိုင်ခဲ့ပါတယ်။ အာဆင်နယ်အနေနဲ့ ပထမပိုင်းအတွင်းမှာပဲ ဂိုးပေါက်ကန်သွင်းချက်တွေရရှိပြီး အခွင့်အရေးတွေဖန်တီးနိုင်ခဲ့ပေမယ့် နယူးကာဆယ်ဂိုးသမား နစ်ခ်ပုပ်ရဲ့လက်စွမ်းပြသမှုကြောင့် သွင်းဂိုးတော့မရရှိခဲ့ပါဘူး။ 

အာဆင်နယ်အနေနဲ့ ပထမပိုင်းအတွင်း ပင်နယ်တီရရှိဖို့ နီးစပ်ခဲ့ပြီး ကွင်းလယ်ဒိုင်က ခွင့်ပြုထားခဲ့ပြီးဖြစ်ပေမယ့် VAR ရဲ့ဆုံးဖြတ်ချက်နဲ့ပြန်လည်ပယ်ဖျက်ခဲ့တာကြောင့် အငြင်းပွားဖွယ်ဖြစ်ခဲ့ပါသေးတယ်။ အာဆင်နယ်အသင်းခေါင်းဆောင် ဘူကာယိုဆာကာကလည်း အဆိုပါ VAR ရဲ့ဆုံးဖြတ်ချက်နဲ့ပတ်သက်ပြီး ဝေဖန်ပြောဆိုမှုတွေပြုလုပ်ထားပါတယ်။

ယခုပွဲစဉ်ဟာ အာဆင်နယ်အတွက် ခက်ခဲတဲ့စမ်းသပ်မှုတစ်ခုဖြစ်ခဲ့ပြီး အာတီတာရဲ့အသင်းဟာ နယူးကာဆယ်ကို အဝေးကွင်းနောက်ဆုံး ၃ ပွဲဆက်ရှုံးနိမ့်ထားခဲ့တာဖြစ်ပြီး ၄ ပွဲမြောက်ရှုံးနိမ့်ဖို့အတွက် နီးစပ်ခဲ့ပါတယ်။ သို့သော်လည်း မီရီနို၊ ဂါဘရီရယ်တို့ရဲ့နောက်ကျသွင်းဂိုးတွေကြောင့် အာဆင်နယ်ဟာ အစဉ်အလာကိုချိုးဖျက်ပြီး အဝေးကွင်းနိုင်ပွဲရရှိအောင်စွမ်းဆောင်နိုင်ခဲ့တာဖြစ်ပါတယ်။ 

ပွဲအပြီးမှာ အာတီတာက "ကျွန်တော်တို့ ဒီပွဲမှာ စိတ်ပိုင်းဆိုင်ရာရော၊ ရုပ်ပိုင်းဆိုင်ရာပါအနိုင်ရခဲ့ပါတယ်။ အရမ်းကောင်းတဲ့ခံစားချက်ပါ။ ဘောလုံးမှာ ဒီလိုရင်ခုန်စိတ်လှုပ်ရှားစရာတွေ ရှိနေတုန်းပါပဲ။ ဒီနေ့ကျွန်တော်တို့ ပွဲကို လှလှပပအဆုံးသတ်ပြီး အနိုင်ယူခဲ့ပါတယ်"

"ကျွန်တော်တို့ဒီပွဲမှာ ဘောလုံးကိုင်ကစားပြီး နယူးကာဆယ်ခံစစ်ကိုထိုးဖောက်ဖို့ နည်းလမ်းမျိုးစုံနဲ့ကြိုးစားခဲ့ပါတယ်။ ဒါပေမယ့် သူတို့ဂိုးသမားက ဒီနေ့မှာ အတော်လေးကောင်းခဲ့ပြီး ကျွန်တော်တို့သေချာပေါက်ရမယ့်ဂိုးတွေကို ကာကွယ်ခဲ့ပါတယ်။ နယူးကာဆယ်ကစားသမားတွေကိုချီးကျူးပါတယ်။ ကျွန်တော်တို့အတွက် အရမ်းအရမ်းကို အခက်ကြုံစေတဲ့ပွဲတစ်ပွဲဖြစ်စေခဲ့ပါတယ်" လို့ပြောကြားခဲ့ပါတယ်။

ယခုနိုင်ပွဲမှာလည်း အာဆင်နယ်ဟာ ထောင့်ကန်ဘောကနေရရှိလာတဲ့ ခေါင်းတိုက်သွင်းဂိုးနဲ့ပဲ အနိုင်ရခဲ့တာဖြစ်လို့ တည်ကန်ဘောတစ်ပေါက်နဲ့ အလုပ်ဖြစ်နေဆဲဖြစ်တယ်လို့ ဆိုရမှာဖြစ်ပါတယ်။ လာမယ့် ကြာသပတေးနေ့မှာတော့ အာတီတာရဲ့အသင်းဟာ ချန်ပီယံလိဂ်ပွဲစဉ်အဖြစ် အိုလံပီယာကော့စ်နဲ့ယှဉ်ပြိုင်သွားရပါမယ်။