
ဆက်ဆခိုအနေနဲ့ ပရီးမီးယားလိဂ်မှာအသားကျဖို့ ခက်ခဲနိုင်တယ်လို့ ထောက်ပြလာတဲ့ ဖာဒီနန်
မန်ချက်စတာယူနိုက်တက်နောက်ခံလူဟောင်း ရီယိုဖာဒီနန်က ယခုနွေရာသီအတွင်း ယူနိုက်တက်က တိုက်စစ်မှူးနေရာအတွက် ပစ်မှတ်ထားနေတဲ့ အက်စတွန်ဗီလာကြယ်ပွင့် အိုလီဝက်ကင်းစ်နဲ့ လိုက်ပ်ဇစ်ကြယ်ပွင့် ဘင်ဂျမင်ဆက်ဆခိုတို့နှစ်ယောက်ထဲမှာ ဆက်ဆခိုဟာ ပရီးမီးယားလိဂ်မှာ အသားကျဖို့ခက်ခဲနိုင်တယ်လို့ ထောက်ပြပြောဆိုလာခဲ့ပါတယ်။
ယခုနွေရာသီအတွင်း ယူနိုက်တက်ဟာ ဝုဗ်မှ မားသီးယက်စ်ကွန်ညာနဲ့ ဘရန့်ဖို့ဒ်မှ ဘရိုင်ယန်အမ်ဘွေမိုတို့ကိုခေါ်ယူဖို့ ပေါင် ၁၃၃ သန်းကျော်အထိ အသုံးပြုထားပြီးဖြစ်ပေမယ့် နောက်ထပ်တိုက်စစ်မှူးသစ်တစ်ဦးထပ်မံခေါ်ယူဖို့ ပြင်ဆင်နေတာဖြစ်ပါတယ်။အပြောင်းအရွှေ့ကာလအတွင်း ယူနိုက်တက်ဟာ တိုက်စစ်မှူးနေရာအတွက် လီယမ်ဒီလပ်၊ ဗစ်တာယော်ကရက်စ်တို့လိုကစားသမားတွေကို ပစ်မှတ်ထားခဲ့ပေမယ့် ခေါ်ယူနိုင်ခဲ့ခြင်းမရှိလို့ ယခုအခါမှာတော့ ဝက်ကင်းစ်နဲ့ ဆက်ဆခိုတို့အကြား တစ်ယောက်ကိုရွေးချယ်သွားရမှာဖြစ်ပါတယ်။
မကြာသေးမီက ရက်သတ္တပတ်အချို့မှာ ယူနိုက်တက်ဟာ ချဲလ်ဆီးတိုက်စစ်မှူး နီကိုးလက်စ်ဂျက်ဆန်ကိုခေါ်ယူဖို့ ချိတ်ဆက်ခဲ့သေးပေမယ့် ချဲလ်ဆီးက သူတို့ရဲ့ကစားသမားအတွက် ပြောင်းရွှေ့ကြေးအမြောက်အမြားတောင်းဆိုခဲ့တာကြောင့် ဆွေးနွေးမှုတွေ ရပ်ဆိုင်းခဲ့ရပါတယ်။
ယခုအခါမှာ ယူနိုက်တက်ကပစ်မှတ်ထားနေတဲ့ တိုက်စစ်မှူး ၂ ဦးနဲ့ပတ်သက်ပြီး ဖာဒီနန်က "တကယ်လို့ ဝက်ကင်းစ်ကိုခေါ်လိုက်မယ်ဆိုရင် ၁၅-၂၀ ဂိုးလောက်တော့ သေချာပေါက်ရနိုင်ပါတယ်။ ဒီပမာဏကို ကွန်ညာနဲ့ အမ်ဘွေမိုတို့ဆီကနေလည်း မျှော်လင့်လို့ရပါတယ်။ အာမတော့မခံနိုင်ပေမယ့် တိုက်စစ်ပိုင်း ပိုအားကောင်းသွားမှာတော့သေချာပါတယ်"
"တကယ်လို့ ဆက်ဆခိုကိုခေါ်မယ်ဆိုရင်တော့ သူ့ဘေးနားက ပရီးမီးယားလိဂ်ဝါရင့်ကစားသမားတွေနဲ့ တွဲဖက်ကစားခွင့်ရမယ်ဆိုပေမယ့် ကျွန်တော်ကတော့ စိုးရိမ်စိတ်နည်းနည်းရှိပါတယ်။ သူ့အနေနဲ့ ပရီးမီးယားလိဂ်မှာ လိုက်လျောညီထွေဖြစ်ပါ့မလား။ ကျွန်တော်ဆိုရင်တော့ အတွေ့အကြုံရင့် တိုက်စစ်မှူးကိုပဲလိုချင်တာကြောင့် သူ့ကိုရွေးမှာမဟုတ်ပါဘူး" လို့ပြောကြားခဲ့ပါတယ်။
ဆက်လက်ပြီး ဖာဒီနန်က ယူနိုက်တက်ရဲ့အတိတ်ကအောင်မြင်မှုတွေက လက်ရှိအချိန်အထိ ရိုက်ခတ်နေဆဲဖြစ်ကြောင်းကို "ယူနိုက်တက်က အရင်ကရခဲ့ဖူးတဲ့အောင်မြင်မှုတွေကြောင့် အခုချိန်မှာ ခက်ခဲနေတာပါ။ အသင်းရဲ့အမှုဆောင် အိုမာဘာရဒါ၊ အားကစားဒါရိုက်တာ ဂျေဆင်ဝယ်ကော့ဇ်နဲ့ မန်နေဂျာအာမိုရင်တို့က ဒီရိုက်ခတ်မှုဒဏ်ကို စိတ်ပျက်နေကြပါပြီ"
"အထူးသဖြင့် သွေးသစ်လောင်းပြီးအသင်းကိုပြန်လည်တည်ဆောက်တဲ့အခါမှာ လက်ရှိကစားသမားတွေက ထွက်ခွာဖို့တွန့်ဆုတ်နေကြတာကြောင့် သူတို့အတွက် ကစားသမားသစ်ခေါ်ယူဖို့ ပိုမိုခက်ခဲစေပါတယ်။ ကစားသမားတွေဘက်ကကြည့်ရင်လည်း တစ်ပတ်ကို ပေါင် ၂ သိန်းလောက်ရနေတဲ့အသင်းကနေ ပေါင် ၁ သိန်းလောက်ပဲရတော့မယ့်အသင်းဆီကို ထွက်ခွာဖို့က မလွယ်ပါဘူး" လို့ထပ်လောင်းပြောကြားခဲ့ပါတယ်။