အိုဝင်ရဲ့လွှမ်းမိုးနိုင်စွမ်းအကြောင်း ဖွင့်ဟပြောပြလာတဲ့ အက်စတွန်ဗီလာ တိုက်စစ်မှူးဝက်ကင်စ်
အက်စတွန်ဗီလာတိုက်စစ်မှူးအိုလီဝက်ကင်စ်က နောက်ပိုင်းပွဲစဉ်တွေမှာ ဂိုးတွေ ပြန်သွင်းလာနိုင်ခြင်းမှာ မိုက်ကယ်အိုဝင်ရဲ့အကြံပေးမှုတွေလည်း ပါဝင်တယ်လို့ ဂုဏ်ပြုပြောကြားခဲ့ပါတယ်။
ကြာသပတေးနေ့၊ ဘိုလော့ဂ်နာနဲ့ရင်ဆိုင်ရတဲ့ ယူရိုပါလိဂ်ပွဲစဉ်မှာ အသင်းအတွက် နှစ်ဂိုးသွင်းယူပေးခဲ့ပြီးနောက် ဝက်ကင်စ်က လီဗာပူးနဲ့ ရီးရဲလ်မက်ဒရစ်တိုက်စစ်မှူးဟောင်းအိုဝင်ရဲ့လွှမ်းမိုးမှုကို ထည့်သွင်းပြောကြားခဲ့ပါတယ်။
"ကျွန်တော် မိုက်ကယ်အိုဝင်နဲ့ မကြာခဏ စကားပြောဖြစ်ပါတယ်။ သူ့လိုမျိုး ကျွန်တော် မရောက်နိုင်သေးတဲ့ အဆင့်တစ်ခုအထိ ရောက်ခဲ့ဖူးတဲ့သူက ကျွန်တော် ဘာတွေးနေသလဲဆိုတာကို သိသလို အကြံဉာဏ်လည်း ပေးနိုင်ပါတယ်" ဟု ဝက်ကင်စ်က ပြောပါတယ်။
"အခုလိုမျိုး သူတို့ဆီမှ အကူအညီတောင်းနိုင်တဲ့အခြေအနေမှာ ရှိနေတာ တကယ်ကောင်းပါတယ်။ ကျွန်တော် သူ့ဆီ အင်စတာဂရမ်မက်ဆေ့ချ်ပို့လိုက်ပြီး ကျွန်တော်တို့ စကားပြောဖြစ်ခဲ့ကြတယ်။ သူကတော့ ကျွန်တော် ဒေါသနဲ့ ကစားတဲ့အချိန်၊ ပြိုင်ဘက်ကို အနှောင့်အယှက်ပေးနိုင်တဲ့အချိန်မျိုးမှာ အကောင်းဆုံးဖြစ်တယ်လို့ ခံစားရပြီး အဲဒီပုံစံမျိုးကို တတ်နိုင်သမျှ ပွဲတိုင်းမှာ အသုံးချစေချင်ပါတယ်" ဟု ဝက်ကင်စ်က ရှင်းပြခဲ့ပါတယ်။
BBC Sport နဲ့တွေ့ဆုံချိန်မှာလည်း ဝက်ကင်စ်က "ကျွန်တော့် ကစားသမားဘဝတစ်လျှောက်လုံးမှာ ဒီရာသီက အခက်ခဲဆုံးပါပဲ။ ကျွန်တော် ဒီနေရာအထိ ရောက်လာဖို့ အကောင်းဆုံးကြိုးစားခဲ့သလို ဥရောပပွဲစဉ်တွေမှာလည်း ဂိုးတွေသွင်းပြီး အဆင့်တစ်ခုဆီ တက်လှမ်းနိုင်ခဲ့ပါတယ်။ အဲဒီအခါမှာ ကိုယ့်ကိုယ်ကိုယ် မျှော်လင့်ချက်တွေ ပိုထားလာမိတာပေါ့""ယူရို-၂၀၂၄ ဆီမီးဖိုင်နယ်၊ နယ်သာလန်နဲ့ပွဲမှာ အင်္ဂလန်အတွက် ဂိုးသွင်းပေးခဲ့တုန်းက လူတွေရဲ့အာရုံစိုက်မှုကို ပိုရခဲ့ပါတယ်။ ဒါပေမဲ့ ဒီနှစ်မှာတော့ ကျွန်တော် ဖြစ်ချင်တဲ့အဆင့်အတန်းမျိုးမှာ မရှိနေတဲ့အတွက် ဒါကို ဘယ်လိုရင်ဆိုင်ကျော်ဖြတ်ရမလဲဆိုတာ သင်ယူဖို့ ခက်ခဲနေခဲ့ပါတယ်"
"ဘောလုံးလောကဆိုတာ အမြဲတမ်း ပြောင်းလဲနေတာပါ။ ပွဲတစ်ပွဲထဲမှာ သုံးဂိုးလောက် သွင်းလိုက်တာနဲ့ လူတိုင်းက မင်းခြေစွမ်းပြန်တက်လာပြီလို့ ပြောကြပါလိမ့်မယ်။ ဒါပေမဲ့ ကိုယ့်ရဲ့အရည်အချင်းကို ယုံကြည်မှုအပြည့်ရှိနေပေမဲ့ ကိုယ်ဖြစ်ချင်တဲ့အဆင့်အတန်းမှာ မရှိနေလို့ ဒီနှစ်ကတော့ တကယ်ကို ခက်ခဲပါတယ်။ အရင်ရာသီတွေကလို အခြေအနေမျိုးကို ကျွန်တော် ပြန်ရောက်နိုင်မယ်ဆိုတာကိုတော့ သိပါတယ်" လို့ ပြောကြားခဲ့ပါတယ်။