
ချဲလ်ဆီးကစားသမားသစ် အက်စ်တီဗာအိုက ယာမယ်လ်လို အလားအလာရှိတယ်လို့ ပြောကြားလိုက်တဲ့ ဝီလီယံ
ချဲလ်ဆီးတောင်ပံ ကစားသမားဟောင်း ဝီလီယံက ကစားသမားသစ် အက်စ်တီဗာအိုဟာ လာမင်းယာမယ်လ်ကဲ့သို့ပင် ကောင်းမွန်နိုင်ပြီး ကလပ်ကို နောင်နှစ်ပေါင်းများစွာအတွက် ဖလားများ ရရှိစေရန် ကူညီပေးနိုင်မယ်လို့ ယုံကြည်နေပါတယ်။
ပြီးခဲ့တဲ့ရာသီ ပရီးမီးယားလိဂ် တွင် လန်ဒန်ကလပ် ဖူလ်ဟမ် အတွက် ၁၀ ပွဲ ကစားခဲ့ပြီး ယခုနွေရာသီတွင် အလွတ်ပြောင်းရွှေ့ကြေးဖြင့် ထွက်ခွာခဲ့တဲ့ ဝီလီယံက ESPN Brasil သို့ ပြောကြားရာတွင် သူနှင့်တစ်နိုင်ငံတည်းသား အကြောင်း ပြောဆိုခဲ့ပါတယ်။
"သူမှာ အလားအလာ အများကြီးရှိပါတယ် အရည်အသွေး အများကြီးရှိပါတယ်။ ကစားသမားမှာ အရမ်း ငယ်သေးတဲ့ အားသာချက်ရှိတယ်၊ ဒါပေမယ့် လာမင်း ယာမယ်လ်လိုပဲ ကြီးမားတဲ့ အလားအလာရှိပြီး သူတို့မှာ ပုံစံချင်း ဆင်တူပါတယ်"
"သူက ချဲလ်ဆီးအတွက် အင်္ဂလန်မှာ ကစားရင်း အရမ်း အောင်မြင်နိုင်မယ်လို့ မျှော်လင့်ပါတယ်။ သူ ဖလားများစွာ အနိုင်ရနိုင်မယ်၊ ချဲလ်ဆီးဂျာစီနဲ့ ဂိုးပေါင်းများစွာ သွင်းနိုင်မယ်၊ ပြီးတော့ နှစ်တွေတစ်လျှောက် ဖလားတွေ အနိုင်ရအောင် ကူညီပေးနိုင်မှာပါ" လို့ သူက ပြောကြားခဲ့ပါတယ်။ ဗြိတိန်မီဒီယာများရဲ့ ဖော်ပြချက်အရ ချဲလ်ဆီးဟာ ပြီးခဲ့တဲ့နွေရာသီက ပါလ်မီးယက်စ်မှ အသက် ၁၈ နှစ်အရွယ် ကစားသမားကို ကနဦး ယူရို ၃၄ သန်း (ဒေါ်လာ ၃၇ သန်း) ဖြင့် ခေါ်ယူခဲ့ကြောင်း ကြေညာခဲ့ပြီး စွမ်းဆောင်ရည်အလိုက် ထပ်ဆောင်းကြေးများဖြင့် စုစုပေါင်း ယူရို ၆၇ သန်းခန့်အထိ ရောက်ရှိနိုင်တယ်လို့ သိရပါတယ်။
အက်စ်တီဗာအိုဟာ ဘရာဇီး စီးရီးအေ တွင် ၄၃ ပွဲ ကစားထားပြီး ၁၃ ဂိုး သွင်းယူကာ ၁၂ ဂိုး ဖန်တီးပေးထားသည့်အပြင် ဘရာဇီး လက်ရွေးစင်အသင်းအတွက်လည်း လေးပွဲ ကစားထားပြီး ကလပ်ကမ္ဘာ့ဖလား အပြီးတွင် ချဲလ်ဆီးသို့ တရားဝင် ပူးပေါင်းမှာ ဖြစ်ပါတယ်။
"ကျွန်တော့်ရဲ့ အကြံဉာဏ်ကတော့ သူ့ကိုယ်သူ အပြည့်အဝ မြှုပ်နှံဖို့ပါပဲ" လို့ ချဲလ်ဆီးအတွက် လိဂ်ပွဲ ၂၃၄ ပွဲ ကစားခဲ့တဲ့ ဝီလီယံက ထပ်လောင်းပြောကြားခဲ့ပါတယ်။ "အင်္ဂလန်မှာ ဘောလုံးက သူ အကျွမ်းတဝင်ရှိတာနဲ့ တော်တော်လေး ကွာခြားပါတယ်။ သူ ဒီကို ရောက်လာတဲ့အခါ ကလပ်မှာ အပိုအလုပ်တွေ လုပ်ဖို့ လိုအပ်မယ်လို့ ကျွန်တော် ထင်ပါတယ်"
"သူ့မှာ ကောင်းမွန်တဲ့ ဦးနှောက်ရှိတယ်လို့ ကျွန်တော် ယုံကြည်ပါတယ်။ သူ့ရဲ့ အရည်အသွေးနဲ့ ပတ်သက်ပြီး ငြင်းခုံစရာ မလိုပါဘူး၊ ချဲလ်ဆီးလို ကလပ်ကြီးအတွက် ကစားဖို့ အရည်အသွေး အပြည့်အဝ ရှိပါတယ်။ ဒါပေမယ့် သူ အမြန်ဆုံး လိုက်လျောညီထွေဖြစ်ပြီး ဒီက ကစားဟန်ထဲကို ဝင်ရောက်နိုင်ပြီး အရမ်း အောင်မြင်နိုင်မယ်လို့ မျှော်လင့်ပါတယ်" လို့ ဝီလီယံက ပြောပါတယ်။ ပါလ်မီးယက်စ် နှင့် အက်စ်တီဗာအို တို့ဟာ ဇွန်လ ၁၅ ရက်နေ့တွင် အက်ဖ်စီ ပေါ်တို နှင့် ကလပ်ကမ္ဘာ့ဖလားပွဲစဉ် စတင်မည်ဖြစ်ပြီး ချဲလ်ဆီးကမူ ဇွန်လ ၁၆ ရက်နေ့တွင် လိုင်ယွန် နှင့် ကစားမှာ ဖြစ်ပါတယ်။