The network connection is lost.

Banner Image

ဆာလီဘာကို ၅ နှစ်စာချုပ်သစ်ချုပ်ဆိုနိုင်ခဲ့ပြီဖြစ်ကြောင်း အာဆင်နယ် အတည်ပြု

အာဆင်နယ်အသင်းကတော့ အဓိကနောက်ခံလူ ဆာလီဘာကို ၅ နှစ်စာချုပ်သစ်ချုပ်ဆိုနိုင်ခဲ့ပြီဖြစ်ကြောင်း အတည်ပြု လိုက်ပါတယ်။ ပြင်သစ်သားရဲ့လက်ရှိစာချုပ်သက်တမ်းက ၂၀၂၇ မှာကုန်ဆုံးမှာဖြစ်ပြီး အပြောင်းအရွှေ့အတွက် သတင်းတွေထွက်ခဲ့သေးတာဖြစ်ပါတယ်။ ဒါပေမယ့်လည်း အခုချိန်မှာတော့ ဆာလီဘာတစ်ယောက် အာဆင်နယ်အသင်းမှာ ကာလရှည်ဆက်ရှိနေတော့မှာဖြစ်ပါတယ်။

အက်သလက်တစ်သတင်းဌာနရဲ့အဆိုအရ ဆာလီဘာဟာ အာဆင်နယ်နဲ့ ၅ နှစ်စာချုပ်သစ်ချုပ်ဆိုခဲ့ပြီဖြစ်ကာ ၂၀၃၀ အထိအသင်းမှာဆက်ရှိနေတော့မှာဖြစ်ပါတယ်။ အသက် ၂၄ နှစ်သားကို နွေရာသီတစ်လျှောက်လုံး ရီးရဲလ်အသင်းက ချိတ်ဆက်ခဲ့သေးတာဖြစ်ပြီး ကစားသမားကိုယ်တိုင်က အာဆင်နယ်မှာပျော်ရွှင်နေတယ်လို့ အခိုင်အမာပြောကြားခဲ့တာဖြစ်ပါတယ်။

အခုချိန်မှာတော့ အာဆင်နယ်ပရိသတ်တွေ နဲ့ အာတီတာအတွက် ရင်အေးစေခဲ့ပြီဖြစ်ပါတယ်။ ဆာလီဘာဟာ အာဆင်နယ်အသင်းမှာ နေရာရဖို့ အချိန်တစ်ခုစောင့်ဆိုးခဲ့ရတာဖြစ်ပြီး ၂၀၁၉ စိန့်အက်တီယန်ကပြောင်းလာပြီးနောက် မာဆေးလ် ၊ နိုက်စ်တို့မှာ အငှားထွက်ကစားခဲ့ရပါတယ်။

“ကျွန်တော့်ကိုယ်ကျွန်တော် ဂုဏ်ယူသလိုခံစားရပါတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်စာချုပ်စချုပ်တုန်းက ၂၀၁၉ တုန်းကဖြစ်ပြီး အခု ၂၀၂၅ ဖြစ်နေပါပြီ။ ကျွန်တော် ဒီမှာစာချုပ်သက်တမ်းတိုးဖို့ ရှိနေဆဲပါ။ ကျွန်တော် အရမ်းပျော်ပါတယ်။ ကျွန်တော် အိမ်လိုခံစားရပါတယ်။ ကျွန်တော်တို့က အသင်းကောင်းတစ်သင်းဖြစ်သလို ကောင်းမွန်တဲ့လူအင်အားလည်းရှိပါတယ်။ ပြီးတော့ ဝန်ထမ်းကောင်းတွေလည်းရှိပါတယ်။

နည်းပြကလည်း ကျွန်တော့်အတွက် ပြီးပြည့်စုံပါတယ်။ ဒါကြောင့် ဒီနေရာက ကျွန်တော့်အတွက် အကောင်းဆုံးလို့ ထင်ပါတယ်။ ဒီအကျီဝတ်ဆင်ပြီးကစားရချိန်တိုင်းကို ကျွန်တော် နှစ်သက်ပါတယ်။ ကျွန်တော် အသင်းအတွက် အရာအားလုံးပေးဆပ်ကစားနိုင်ဖို့ ကြိုးစားပါတယ်။ အခုတော့ ကျွန်တော်ဒီအသင်း နဲ့ ပရိသတ်တွေအတွက် ပိုပေးဆပ်နိုင်တော့မှာပါ။

ဘော့စ်က ကျွန်တော့်အတွက်အကောင်းဆုံးနည်းပြတွေထဲကတစ်ဦးပါ။ သူက ကျွန်တော့်ကိုအများကြီးကူညီပါတယ်။ သူကော သူ့ဝန်ထမ်းတွေကပါ ကူညီပါတယ်။ ကျွန်တော့်မှာ အခုလိုနည်းပြမျိုးရှိတဲ့အတွက် အရမ်းပျော်ပါတယ်။ အခုကျွန်တော့်အသက်က ၂၄ နှစ်ရှိနေပါပြီ။ ကျွန်တော့်အကောင်းဆုံးအချိန်မရောက်သေးဘူးလို့ ထင်ပါတယ်။

ကျွန်တော်အများကြီးတိုးတက်ဖို့ လိုအပ်ပါသေးတယ်။ အသင်းအတွက်လည်း အများကြီးပေးဆပ်ချင်ပါတယ်။ နည်းပြ နဲ့ ဝန်ထမ်းတွေက ကျွန်တော်အကောင်းဆုံးကစားသမားတစ်ဦးဖြစ်လာအောင် ကူညီပေးမယ်ဆိုတာ သိပါတယ်”လို့ ဆာလီဘာက ပြောကြားခဲ့ပါတယ်။

အာတီတာကလည်း ဆာလီဘာနဲ့ပတ်သက်ပြီး “ဝီလီယံကို အသင်းကစားသမားတွေကော ဝန်ထမ်းတွေကော ချစ်ပါတယ်။ သူက နေ့တိုင်း အာရုံစိုက်သလို သေချာလေးလုပ်ဆောင်ပါတယ်။ အသင်းထံပြောင်းလာပြီးကတည်းက ဝီလီယံက အများကြီးတိုးတက်လာသလို တာဝန်ယူမှုလည်းရှိလာပါတယ်။ သူက အသင်းပရိသတ်တွေနဲ့ကော အသင်းမှာရှိတဲ့သူတိုင်းနဲ့လည်း ကောင်းမွန်တဲ့ဆက်ဆံရေးဖန်တီးထားနိုင်ခဲ့ပါတယ်။ ကျွန်တော်တို့ သူ့ဆီကနေအများကြီးမျှော်လင့်နိုင်သေးတယ်ဆိုတာ သိပါတယ်။ အခုလိုမျိုးအတူတူဆက်လက်လုပ်ဆောင်မယ်ဆိုရင် ဆုဖလားတွေစိန်ခေါ်နိုင်မှာပါ”လို့ အာတီတာက ပြောကြားခဲ့ပါတယ်။

အာဆင်နယ်အားကစားဒါရိုက်တာ ဘာတာကလည်း “ဆာလီဘာလိုကစားသမားမျိုးကို အသင်းမှာဆက်ထိန်းထားနိုင်လို့ အရမ်းပျော်ပါတယ်။ ပြီးခဲ့တဲ့ ၃ ရာသီအတွင်း ဝီလီယံက အသင်းအတွက် အရေးပါတဲ့နောက်ခံလူဖြစ်ခဲ့တာပါ။ အာဆင်နယ်မှာ သူဆက်လက်တိုးတက်လာနိုင်ပါသေးတယ်။ သူ့ရဲ့တည်ငြိမ်မှု ၊ ရင့်ကျက်မှု ၊ ပွဲတွေအပေါ်မှာ လွှမ်းမိုးနိုင်မှုက ကျွန်တော်တို့အတွက် အရေးပါပါတယ်။ ကျွန်တော်တို့နောက်တန်းအတွက် သူကအများကြီးအရေးပါပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

ဆာလီဘာဟာ အာဆင်နယ်အတွက် ပွဲပေါင်း ၁၄၀ အထိ ပါဝင်ကစားထားကာ နိုင်ငံအသင်းအတွက်တော့ ၂၈ ပွဲ ပါဝင်ကစားခဲ့ကာ လာမယ့်ကမ္ဘာ့ဖလားမှာလည်း ပြင်သစ်အသင်းအတွက် ပါဝင်ကစားနိုင်ဖို့ ပစ်မှတ်ထားနေပါတယ်။ အာဆင်နယ်ဟာ လာမယ့်ဗုဒ္ဓဟူးနေ့မှာ အိုလံပီယာကို့စ်အသင်းကို အိမ်ကွင်းမှာ ရင်ဆိုင်ရမှာဖြစ်ပါတယ်။