
လီဗာပူးကစားသမားဘ၀ အမှတ်တရအဖြစ်ဆုံးနေ့ရက်ကို ထုတ်ဖော်ပြောပြလိုက်တဲ့ ဂရာဗန်ဘတ်ချ်
ဂရာဗန်ဘတ်ချ်က အန်ဖီးလ်မှာ တော့တင်ဟမ်ကို အနိုင်ယူပြီး ပရီးမီးယားလိဂ်ချန်ပီယံဖြစ်ဖို့ သေချာသွားတဲ့နေ့ရက်ကို လီဗာပူးကစားသမားဘဝမှာ အမှတ်ရစရာအကောင်းဆုံးနေ့ရက်တွေအနက် တစ်ခုအဖြစ် သတ်မှတ်ထားတယ်လို့ ထုတ်ဖော်ပြောကြားပါတယ်။
လီဗာပူးအသင်းအတွက် ၂၀၂၄-၂၀၂၅ ဘောလုံးရာသီ၊ ပရီးမီးယားလိဂ်ချန်ပီယံဖြစ်လာဖို့ သေချာသွားခဲ့တဲ့ နေ့ရက်ကို ဘောလုံးလောကမှာ သူ့ရဲ့အကြိုက်ဆုံးနေ့ရက်တွေအနက် တစ်ခုအဖြစ် မှတ်တမ်းတင်ထားတယ်လို့ ဂရာဗတ်ချ်က ဆိုပါတယ်။ ဧပြီလနှောင်းပိုင်း၊ မြူးကြွနေတဲ့ အန်ဖီးလ်ကွင်းအတွင်း ကြိုးကြာနီတွေက တော့တင်ဟမ်ကို ၅-၁ ဂိုးဖြင့် အနိုင်ယူကာ မာဆေးဆိုဒ်တခွင် အောင်ပွဲခံနေတဲ့မြင်ကွင်းတွေနဲ့ ပြည့်နှက်စေခဲ့ပါတယ်။
ယာဂန်ကလော့ပ်လက်အောက် လူငယ်အသင်းတစ်ခုအဖြစ် ၂၀၂၃-၂၀၂၄ ဘောလုံးရာသီ၊ ကာရာဘောင်ဖလားကို ဆွတ်ခူးနိုင်ပြီးနောက် အခုပရီးမီးယားလိဂ်အောင်ပွဲက ဂရာဗန်ဘတ်ချ်အတွက် လီဗာပူးကစားသမားတစ်ဦးအဖြစ် ဒုတိယမြောက်ရယူနိုင်တဲ့ချန်ပီယံဆုတံဆိပ် ဖြစ်လာပါတယ်။ ဒါပေမဲ့ ဂရာဗန်ဘတ်ချ်ကတော့ ပရီးမီးယားလိဂ်ချန်ပီယံဖြစ်လာဖို့သေချာသွားတဲ့နေ့ရက်မှာ ပရိသတ်တွေနဲ့အတူ အောင်ပွဲခံမယ့်အိပ်မက်ကို လူငယ်ကစားသမားဘဝမှာကတည်းက ထားရှိခဲ့တယ်လို့ ဆိုပါတယ်။
Numero Netherlands နဲ့ တွေ့ဆုံချိန် ဂရာဗန်ဘတ်ချ်က “ ကျွန်တော့်အတွက် ဘယ်တော့မှ မေ့ပျောက်နိုင်စရာမရှိမယ့် ထူးခြားတဲ့ ဘောလုံးရာသီတစ်ခုဖြစ်ခဲ့တယ်လို့ပဲ ရိုးရိုးသားသားဝန်ခံရပါလိမ့်မယ်။ တော့တင်ဟမ်နဲ့ပွဲစဉ်မတိုင်ခင် အန်ဖီးလ်ဆီ အသင်းဘတ်စ်ကားချဉ်းကပ်လာချိန် မြင်တွေ့ခဲ့ရတဲ့ မြင်ကွင်းတွေ၊ အဲ့ဒီနေ့မွန်းလွဲပိုင်းမှာပဲ ပရီးမီးယားလိဂ်ချန်ပီယံဖြစ်လာတာတွေက ကျွန်တော်နဲ့အတူ ထာဝရရှိနေပါလိမ့်မယ်။
ပရိသတ်တွေရဲ့မျက်နှာပေါ်က ခံစားချက်တွေ၊ အနီရောင်မီးတောက်တွေ၊ ဆူညံသံတွေ၊ သီချင်းသံတွေကို ကြားနေမြင်နေရုံနဲ့ ရင်ခုန်မိသွားပါတယ်။ ဒါက ကျွန်တော့်ကို ကြက်သီးမွှေးညှင်းထစေခဲ့ပါတယ်။ ဒီပုံရိပ်တွေကို ကျွန်တော် ဘယ်တော့မှမေ့ပျောက်သွားနိုင်စရာ မရှိတော့ပါဘူး။ နောက်ပိုင်းမှာ အသင်းဖော်တွေနဲ့အတူ ပရိသတ်တွေပါ အောင်ပွဲခံကြပုံတွေပေါ့။ ကျွန်တော်တို့လုပ်ပြနိုင်ခဲ့တဲ့အခိုက်အတန့်တွေက တကယ့်ကို မယုံကြည်နိုင်စရာကောင်းပါတယ်။ လီဗာပူးအတွက် ငါးနှစ်အတွင်း ဒုတိယမြောက်ပရီးမီးယားလိဂ်ချန်ပီယံဆု ဖြစ်သလို ကျွန်တော့်အတွက်ဆိုရင် ပထမဆုံးအကြိမ်ပရီးမီးယားလိဂ်ချန်ပီယံဆု ဖြစ်ပါတယ်။
ကလေးဘဝကတည်းက ဒီလိုအခိုက်အတန့်တွေအတွက် အိပ်မက်တွေ ရှိခဲ့ဖူးပါတယ်။ ဒါမျိုး လက်တွေ့ဖြစ်ပေါ်လာတာ တကယ့်ကိုထူးခြားလွန်းပါတယ်။ မမေ့နိုင်စရာဘောလုံးရာသီတစ်ခုမှာ ကိုယ်တိုင်ပါဝင်နိုင်ခဲ့လို့ ဂုဏ်ယူမိပါတယ်။ အခုတော့ ကျွန်တော်တို့တွေ နောက်ထပ်ဘောလုံးရာသီတစ်ခုဆီ မျှော်ကြည့်နေပါပြီ။ ကျွန်တော်တို့ရဲ့အောင်ပွဲဆာလောင်မှုတွေ ပိုပြီး ပြင်းထန်လာပါတယ်”လို့ ပြောပါတယ်။
နည်းပြဟောင်းယာဂန်ကလော့ပ်လက်ထက် တိတ်ဆိတ်ငြိမ်သက်လှတဲ့ ပွဲဦးထွက်ဘောလုံးရာသီကို ဖြတ်သန်းပြီးနောက် ဂရာဗန်ဘတ်ချ်က ၂၀၂၄-၂၀၂၅ ဘောလုံးရာသီ၊ အန်းစလော့ရဲ့ကွင်းလယ်ပိုင်းအတွက် အဓိကအစိတ်အပိုင်းတစ်ရပ် ဖြစ်လာခဲ့ပါတယ်။ နယ်သာလန်လက်ရွေးစင်က ၂၀၂၄-၂၀၂၅ ပရီးမီးယားလိဂ်ရာသီတလျှောက်လုံး ၃၇ ပွဲအထိ ပွဲထွက်ခွင့်ရရှိခဲ့ပြီး ဂိုးဖန်တီးမှုလေးကြိမ်နဲ့အတူ သူ့ရဲ့ဘောလုံးပေးပို့နိုင်မှုစွမ်းရည်၊ ဘောလုံးထိန်းသိမ်းနိုင်မှုစွမ်းရည်တို့ကြောင့် အထင်ကြီးလောက်စရာ ဖြစ်ခဲ့ပါတယ်။
ဆက်လက်ပြီး ဂရာဗန်ဘတ်ချ်က လာမယ့်ဘောလုံးရာသီမှာ ဆုဖလားတွေ ပိုမိုဆွတ်ခူးနိုင်ဖို့ ရည်မှန်းထားတယ်လို့လည်း ဖွင့်ဟခဲ့ပါတယ်။ သူက “ ကျွန်တော်လိုချင်တဲ့အရာတွေ အများကြီးရှိနေပါသေးတယ်။ နယ်သာလန်၊ ဂျာမနီ၊ အင်္ဂလန်တို့မှာ အမှတ်ပေးချန်ပီယံဆုတွေကို ဆွတ်ခူးနိုင်တာ ကံကောင်းလွန်းတယ်ဆိုပေမယ့် ကစားသမားတစ်ဦးအဖြစ် အောင်မြင်မှုတွေကို အမြဲတမ်းလိုက်ရှာနေပါတယ်။
ဒီဆာလောင်မှုက နေ့တိုင်းလိုလိုခံစားရပြီး ဘယ်တော့မှမပျောက်ပျက်သွားပါဘူး။ ကျွန်တော့်အသက် ၂၃ နှစ်ပဲ ရှိသေးတော့ ဘောလုံးကစားဖို့ နှစ်တွေအများကြီးကျန်နေသေးတာနဲ့ ကြီးမားတဲ့အခိုက်အတန့်တွေ ရောက်ရှိလာဦးမယ်ဆိုတာကို သေချာပေါက်သိရှိထားပါတယ်။ ချန်ပီယံလိဂ်ဖလားရရှိဖို့ဆိုတာလည်း ကျွန်တော့်ရဲ့ကြီးမားတဲ့အိပ်မက်တစ်ခုဖြစ်ပြီး ဒါကိုတော့ အခုအထိ မဖြည့်ဆည်းနိုင်သေးပါဘူး”လို့ ဆက်ပြောပါတယ်။