
ပြင်သစ်အသင်းရဲ့စည်းကမ်းချက်တစ်ချို့ကို ပြန်လည်ပြုပြင်ခဲ့တဲ့ ဒက်စ်ချမ့်စ်
ပြင်သစ်လက်ရွေးစင်နည်းပြ ဒီဒီယာဒက်စ်ချမ့်စ်ဟာ အသင်းရဲ့မျိုးဆက်သစ်ကစားသမားတွေအဆင်ပြေစေဖို့နဲ့ အသင်းရဲ့တိုးတက်မှုအတွက် ရှေးရှုပြီး အမှာစကားပြောကြားချိန် လျှော့ချခြင်းနဲ့ လက်ကိုင်ဖုန်းအသုံးပြုခွင့်ပြန်လည်ပေးအပ်ခြင်းတို့အပါအဝင် စည်းကမ်းချက်တစ်ချို့ကို ပြန်လည်ပြုပြင်ခဲ့တယ်လို့သိရပါတယ်။
ဒက်စ်ချမ့်စ် ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်ယူရိုပြိုင်ပွဲနဲ့၊ ယခုနှစ်နေရှင်းလိဂ်ပြိုင်ပွဲတွေမှာ ပြင်သစ်အတွက် အောင်မြင်မှုရရှိအောင်စွမ်းဆောင်နိုင်ခဲ့ခြင်းမရှိတာကြောင့် ဝေဖန်မှုတွေနဲ့ကြုံတွေ့ခဲ့ရပေမယ့် အသင်းကို ၂၀၂၆ ကမ္ဘာ့ဖလားပြီးဆုံးသည်အထိ ဆက်လက်ကိုင်တွယ်ခွင့်ရရှိထားပါတယ်။
ယခုအခါမှာ ဒက်စ်ချမ့်စ်ရဲ့စီစဉ်ညွှန်ကြားမှုနဲ့အတူ အသင်းအတွက် အမှာစကားပြောကြားချိန်ကို ၄၅ မိနစ်မှ ၁၀ မိနစ်အထိ လျှော့ချခဲ့ပြီး တိုက်ရိုက်ပြောဆိုမှုနဲ့ လိုရင်းရောက်တဲ့စကားတွေကိုသာပြောကြားဖို့ စည်းကမ်းထုတ်ထားပါတယ်။ ဒါ့အပြင် ယခင်က အသင်းမှာ လက်ကိုင်ဖုန်းအသုံးပြုခွင့်ပေးမထားပေမယ့် ယခုအခါမှာတော့ အချိန်ကုန်သက်သာစေဖို့နဲ့ ဆက်သွယ်ရေးပိုမိုလွယ်ကူစေဖို့အတွက် ဖုန်းအသုံးပြုခွင့်ကို ခွင့်ပြုခဲ့ပါတယ်။
ဒက်စ်ချမ့်စ်က "ကျွန်တော် အသင်းရဲ့ကစားသမားတွေကို အမှားလုပ်ဖို့အမြဲတမ်းခွင့်ပြုထားခဲ့ပြီး သတိပေးတာမျိုးတွေတော့ လုပ်လေ့ရှိပါတယ်။ ဒါပေမယ့် အခုနောက်ပိုင်းမှာတော့ တားမြစ်ချက်တွေ သိပ်မလုပ်တော့ပါဘူး။ ဥပမာအနေနဲ့ အရင်က သူတို့ရဲ့လက်ကိုင်ဖုန်းတွေကို အဝတ်လဲခန်းတွေထဲမှာ သိမ်းထားဖို့ စည်းကမ်းထုတ်ထားပေမယ့် အခုတော့ သူတို့ကို အသုံးပြုခွင့်ပေးထားပါတယ်။ ဒါမှပဲ သူတို့မှာကျန်းမာရေးပြဿနာတစ်ခုခုရှိရင် ကျွန်တော့်ကို ချက်ချင်း မက်ဆေ့ပို့တာမျိုး လုပ်လို့ရမှာပါ"
"ကစားသမားတွေရဲ့လွတ်လပ်ခွင့်ကို ချုပ်ကိုင်ထားလို့မရပါဘူး။ ပြီးတော့ ကျွန်တော်အရင်က အမှာစကားပြောတဲ့အချိန်ကို ၄၅ မိနစ်သတ်မှတ်ထားပေမယ့် အခုတော့ အချိန်ကုန်သက်သာစေဖို့ ၁၀ မိနစ်ပဲ သတ်မှတ်ထားပါတယ်။ ဒီနေ့မှာလည်း ကျွန်တော် ကစားသမားတွေနဲ့ ၁၀ မိနစ်ပဲ စကားပြောခဲ့ပါတယ်။ ဒါပေမယ့် စကားပြောတဲ့အချိန်မှာတော့ အရေးကြီးတဲ့အကြောင်းအရာတွေကိုပဲ အဓိကအာရုံစိုက်ခဲ့ပါတယ်" လို့ပြောကြားခဲ့ပါတယ်။
ဒက်စ်ချမ့်စ်ဟာ ပြင်သစ်လက်ရွေးစင်အသင်းကို ၂၀၁၂ ခုနှစ်ကတည်းက စတင်ကိုင်တွယ်ခဲ့သူဖြစ်ပြီး ယခုတစ်ခေါက် ကမ္ဘာ့ဖလားပြိုင်ပွဲအပြီးမှာတော့ အသင်းနဲ့လမ်းခွဲသွားဖွယ်ရှိတယ်လို့သိရပါတယ်။ လာမယ့် စက်တင်ဘာလ ၆ ရက်နဲ့ ၁၀ ရက်နေ့တွေမှာတော့ ပြင်သစ်ဟာ ဥရောပဇုန်ကမ္ဘာ့ဖလားခြေစစ်ပွဲစဉ်တွေအဖြစ် ယူကရိန်း၊ အိုက်စလန်တို့နဲ့ ယှဉ်ပြိုင်သွားရပါမယ်။