
သုံးဂိုးပဲပေးလိုက်ရတာ ရီးရဲလ်မက်ဒရစ်တို့ ကံကောင်းလွန်းတယ်လို့ ဖွင့်ဟပြောဆိုလာတဲ့ ဘယ်လင်ဟမ်
လန်ဒန်မြေမှာ အာဆင်နယ်ကို ၃-၀ ဂိုးဖြင့် မရှုမလှရှုံးနိမ့်ကာ ရီးရဲလ်မက်ဒရစ်ရဲ့ချန်ပီယံလိဂ်မာန်စွယ် ကျိုးပျက်သွားပြီးနောက် ဘယ်လင်ဟမ်က ဝန်ခံချက်တစ်ရပ် ထုတ်ပြန်လာခဲ့ပါတယ်။အခုပွဲစဉ်ရဲ့ဒုတိယပိုင်းပွဲချိန်အတွင်း ဒီကလန်ရိုက်စ်ရဲ့အံ့အားသင့်ဖွယ်လှပလွန်းတဲ့ ဖရီးကစ်သွင်းဂိုးနှစ်ဂိုးအပြင် ယာယီတိုက်စစ်မှူးမီရီနိုရဲ့အပိုင်ကန်သွင်းချက်တွေက အီးမရိတ်စ်ကွင်းချန်ပီယံလိဂ်ကွာတားဖိုင်နယ်(ပ-ကျော့)မှာ ဂန်းနားတွေကို ဂိုးပြတ်နိုင်ပွဲတစ်ခု ရရှိစေခဲ့ပါတယ်။
မြောက်လန်ဒန်အရပ်မှာ ထိတ်လန့်စရာရလဒ်တစ်ခုနဲ့ ကြုံတွေ့ခဲ့ပြီးနောက် အင်္ဂလန်နဲ့ ရီးရဲလ်မက်ဒရစ်ကြယ်ပွင့် ဘယ်လင်ဟမ်က စပိန်ဘီလူးကြီးတွေထက် ပိုမိုကောင်းမွန်တဲ့ခြေစွမ်းမျိုးကို အာတီတာရဲ့အသင်း အလုံးစုံပြသနိုင်ခဲ့တယ်လို့ ဝန်ခံခဲ့ပြီး ကံသာနည်းနည်းလေးပိုမကောင်းခဲ့ရင် အခုထက်ပိုဆိုးတဲ့ရလဒ်မျိုးနဲ့ စပိန်သားတွေ ရင်ဆိုင်သွားရနိုင်တယ်လို့ ရှင်းပြခဲ့ပါတယ်။
သတင်းထောက်တွေနဲ့တွေ့ဆုံချိန် ဘယ်လင်ဟမ်က “ ကျွန်တော်တို့အသင်း သုံးဂိုးပဲပေးလိုက်ရတာ အတော်လေးကံကောင်းပါတယ်။ ကျွန်တော်တို့တွေ ပြိုင်ဘက်ကို ဘယ်လိုမှမယှဉ်နိုင်ခဲ့ဘူး။ ဒါက အချက်တစ်ခုဖြစ်သလို အာဆင်နယ်ကလည်း အရမ်းကောင်းခဲ့ပါတယ်။ ဖရီးကစ်နဲ့ သူတို့တွေ နှစ်ဂိုး သွင်းယူခဲ့ပါတယ်။ ဒါပေမယ့် သူတို့က သွင်းဂိုးတွေ ဒီထက်ပိုပြီးတော့တောင် ရနိုင်ပါသေးတယ်။ ဒီနေရာမှာ ဒုတိယအကျော့ ရှိနေပါသေးတယ်။ ဒီအချက်ကိုပဲ ကျွန်တော်တို့ ဆက်ကိုင်စွဲသွားရပါမယ်”လို့ ပြောပါတယ်။
အာတီတာရဲ့အသင်းက ဧပြီ ၁၆ ရက်၊ မက်ဒရစ်မြို့ဒုတိယအကျော့ပွဲစဉ်မတိုင်ခင် လာမယ့်စနေနေ့မှာ ဘရန့်ဖို့ဒ်နဲ့ ပရီးမီးယားလိဂ်ပွဲစဉ် ယှဉ်ပြိုင်ကစားရပါမယ်။