The network connection is lost.

Banner Image

ချဲလ်ဆီးပရိသတ်တွေရဲ့ အော်ဟစ်ဆဲဆိုမှုတွေကို စိတ်ပူခြင်းမရှိဘူးလို့ အခိုင်အမာပြောကြားလာတဲ့ ပိုချက်တီနို

ချဲလ်ဆီးနည်းပြ မော်ရီစီယိုပိုချက်တီနိုဟာ ပရိသတ်တွေရဲ့ သံပြိုင်ဆဲဆိုခြင်းကို ခံခဲ့ရသော်လည်း အဆိုပါအသံတွေကို မကြားမိကြောင်းနဲ့ သူ့နဲ့ ပရိသတ်တွေကြားက ဆက်ဆံရေးကို ရိုးရိုးသားသား ဖွင့်ဟလာခဲ့ပါတယ်။ ယမန်နေ့ညက ချဲလ်ဆီးဟာ ဘရန့်ဖို့ဒ်ကို ၂-၂ နဲ့သရေကျခဲ့ပြီး ပွဲကစားချိန်တွင်းမှာ အသင်းရဲ့ပရိသတ်တွေဟာ ပိုချက်တီနိုကို “F*ck off” လို့သံပြိုင်အော်ဟစ်ဆဲဆိုခဲ့ကြတဲ့အပြင် အသင်းပိုင်ရှင် တော့ဘိုလီကိုလည်း “သောက်ကောင်” လို့ဆဲခဲ့ကြတာဖြစ်ပါတယ်။

သို့သော်လည်း ပွဲအပြီးမှာတော့ ပိုချက်တီနိုက ပရိသတ်တွေရဲ့ အဆိုပါ အော်ဟစ်ဆဲဆိုသံတွေကိုမကြားမိကြောင်း ပြောကြားလာခဲ့ပါတယ်။ ပိုချက်တီနိုက “ကျွန်တော် အဲဒီအသံတွေကို မကြားမိပါဘူး။ ဒီလိုလုပ်ရပ်တွေက နားလည်ရခက်ပေမယ့် ပုံမှန်ပါပဲ။ ကျွန်တော်တို့ ၂-၁ နဲ့ရှုံးနေတဲ့အချိန်မှာ ပရိသတ်တွေလည်း စိတ်ပျက်လို့ အော်ဟစ်ခဲ့ကြတာဖြစ်ပါလိမ့်မယ်။ နည်းပြချုပ်တစ်ယောက်အနေနဲ့ ဒါက ကျွန်တော့်အပေါ်မှာတာဝန်ရှိပါတယ်။ စိတ်ပူစရာတော့မရှိပါဘူး။ ဒီလို ဆက်ဆံရေးမျိုးကို လက်ခံရပါမယ်။

တစ်ယောက်ယောက်က ကျွန်တော့်ကို ပရိသတ်တွေဆီက ချစ်ခြင်းမေတ္တာကိုခံစားမိလားလို့ မေးရင် မခံစားရဘူးလို့ပဲဖြေမိမှာပါ။ ကျွန်တော့်အနေနဲ့ အသင်းရဲ့ပရိသတ်တွေနဲ့ နည်းပြဝန်ထမ်းတွေကြားမှာ ဆက်ဆံရေးကောင်းတည်ဆောက်ဖို့လိုပါတယ်။ ဒါကလည်း နိုင်ပွဲတွေကနေတစ်ဆင့် တည်ဆောက်သွားရမှာပါ” 

“ကျွန်တော်တို့က သူတို့ရဲ့မျှော်လင့်ချက်တွေနဲ့ ကိုက်ညီမှုမရှိပါဘူး။ ဒီလိုအခြေအနေမှာ ပရိသတ်တွေဆီကနေ ချစ်ခြင်းမေတ္တာပေးဖို့ သွားတောင်းနေလို့မရပါဘူး။ ကျွန်တော်ကလည်း နည်းပြတစ်ယောက်အနေနဲ့ အသင်းရဲ့ရလဒ်တွေကို ဒီထက်ပိုကောင်းဖို့နဲ့ အနိုင်ရဖို့ ကြိုးစားသွားမှာပါ။ ပရိသတ်တွေရဲ့ချစ်ခြင်းမေတ္တာကို တောင်းဆိုနေမှာမဟုတ်ပါဘူး။ အခုချိန်မှာတော့ နယူးကာဆယ်နဲ့ပွဲအတွက် ပြင်ဆင်မှုတွေပြုလုပ်ရပါမယ်။ ကျွန်တော်တို့ ဆက်သွားဖို့လိုပါတယ်” လို့ပြောကြားခဲ့ပါတယ်။

ချဲလ်ဆီးအသင်းဟာ လက်ရှိပရီးမီးယားလိဂ်အမှတ်ပေးဇယားရဲ့ အဆင့် ၁၁ နေရာမှာရပ်တည်နေပြီး ရမှတ်အခြေအနေမှာလည်း ထိပ်ဆုံး ၄ သင်းထက် တန်းဆင်းဇုန်နဲ့ ပိုနီးကပ်နေပါတယ်။ သို့သော်လည်း ချဲလ်ဆီးဟာ ကာရာဘောင်ဖလား ဗိုလ်လုပွဲကစားထားခဲ့ရပြီး အက်ဖ်အေဖလားမှာလည်း ချန်ပီယံရှစ်ကလပ် လက်စတာစီးတီးနဲ့ထိပ်တိုက်တွေ့ဆုံနေတာကြောင့် နောက်တစ်ဆင့်ကိုတက်ရောက်ဖို့ အခွင့်အရေးများနေပါတယ်။ လက်စတာနဲ့ကစားမယ့်ပွဲစဉ်မတိုင်ခင်မှာတော့ ပိုချက်တီနိုရဲ့အသင်းဟာ နယူးကာဆယ်ကို အိမ်ကွင်း စတန်းဖို့ဒ်ဘရစ်ချ်မှာ လက်ခံယှဉ်ပြိုင်သွားရမှာဖြစ်ပြီး ဖိအားတွေကနေ ရုန်းထွက်နိုင်ဖို့ လိုအပ်နေပါတယ်။