ဆွစ်ဇာလန်ကို အနိုင်ရပြီးနောက် ဆာကာကို ချီးကျူးပြောဆိုလိုက်တဲ့ ဆောက်ဂိတ်
အင်္ဂလန်လက်ရွေးစင်နည်းပြ ဂါရတ်ဆောက်ဂိတ်က ဆွစ်ဇာလန်ကို အနိုင်ရခဲ့တဲ့ ယူရို ကွာတားဖိုင်နယ်ပွဲစဉ်အပြီးမှာ အသင်းအတွက် ချေပဂိုးသွင်းယူပေးခဲ့တဲ့အပြင် ပင်နယ်တီအဆုံးအဖြတ်မှာလည်း ဂိုးဝင်အောင်ကန်သွင်းနိုင်ခဲ့တဲ့ ဘူကာယိုဆာကာကို ချီးကျူးပြောဆိုမှုတွေပြုလုပ်လာခဲ့ပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၀ ယူရိုဗိုလ်လုပွဲမှာ ပင်နယ်တီလွဲချော်ခဲ့တဲ့ ဆာကာဟာ ယခုပွဲစဉ်မှာတော့ တာဝန်ကျေခဲ့တာဖြစ်ပါတယ်။ ဆောက်ဂိတ်က "သူက အရမ်းရဲရင့်တဲ့ကောင်းလေးပါ။ ပြီးတော့ အသင်းရဲ့ အကောင်းဆုံးတွေထဲက တစ်ယောက်ဖြစ်လို့ သူ့ကိုပင်နယ်တီကန်ခွင့်ပြုတယ်ဆိုတာ မေးခွန်းထုတ်စရာကိုမရှိပါဘူး။ လို့ပြောကြားခဲ့ပါတယ်။
ဆာကာကလည်း "ဒီလိုအခြေအနေမျိုးမှာ ပြန်လာနိုင်ဖို့က အရမ်းခက်ခဲခဲ့ပါတယ်။ ကျွန်တော်ကတော့ ကိုယ်ကိုယ်ကိုယ်အမြဲတမ်း သန်မာအောင်လုပ်နေပါတယ်။ ဒီနေ့ပွဲမှာ အခွင့်အရေးယူနိုင်ခဲ့လို့ အရမ်းပျော်ပါတယ်။ နောက်ပွဲမှာတော့ မိနစ် ၉၀ အတွင်းမှာပဲ အနိုင်ရဖို့ကြိုးစားသွားမှာဖြစ်ပြီး တကယ်လို့ ဒီနေ့လိုဖြစ်ခဲ့ရင်လည်း အနိုင်ရဖို့ ဘာမဆိုလုပ်သွားမှာပါ" လို့ပြောကြားခဲ့ပါတယ်။
အင်္ဂလန်အတွက် နောက်ဆုံးပင်နယ်တီကိုကန်သွင်းပြီး နိုင်ပွဲရစေခဲ့တဲ့ ထရန့်အလက်ဇန်းဒါးအာနိုးလ်ကလည်း "မယုံနိုင်စရာပါပဲ။ ကျွန်တော်တို့အနေနဲ့ ရည်ရွယ်ချက်ပန်းတိုင်ကို အရောက်လှမ်းနိုင်ခဲ့ပါတယ်။ အသင်းက ယုံကြည်မှုနဲ့ ခွန်အားတွေကိုပြသခဲ့ပြီး ကိုယ့်ကိုယ်ကိုယ် အနက်ရှိုင်းဆုံး တူးဖော်နိုင်ခဲ့ကြပါတယ်။ ကျွန်တော်တို့ လေ့ကျင့်မှုတွေအများကြီးပြုလုပ်ခဲ့ကြပြီး ဒီလို အမှားအယွင်းမရှိ အဆုံးသတ်နိုင်မယ်ဆိုတာလည်း သေချာခဲ့ပါတယ်" လို့ပြောကြားခဲ့ပါတယ်။
ဆက်လက်ပြီး ဆောက်ဂိတ်က "ကြီးမားတဲ့စွမ်းဆောင်ရည်နဲ့ ကြီးမားတဲ့ အောင်ပွဲပါ။ အနောက်လိုက်ပြီးကစားခဲ့ရပေမယ့် အသင်းရဲ့ ခံနိုင်ရည်ရှိမှုက အံ့မခန်းပါပဲ။ ဒီနေ့ ကျွန်တော်တို့ ကောင်းကောင်းကစားနိုင်ခဲ့တယ်လို့ထင်ပါတယ်။ အနိုင်ရဖို့အတွက် လုံလောက်တဲ့စွမ်းဆောင်ရည်မျိုးရှိခဲ့ပါတယ်" လို့ထပ်လောင်းပြောကြားခဲ့ပါတယ်