The network connection is lost.

Banner Image

ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲမှထွက်ခွာလာရမှုအပေါ် တုံ့ပြန်မှတ်ချက်ပေးလာတဲ့ ဒီယေဂိုဆီမြွန်နီ

ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲမှ ထွက်ခွာလာရပြီးနောက် တနင်္လာနေ့မနက်ခင်းပိုင်းမှာပဲ အက်သလက်တီကိုမက်ဒရစ်ရဲ့ ၂၀၂၄-၂၀၂၅ ဘောလုံးရာသီဆုံးခန်းတိုင်မှုကို မြင်တွေ့ခဲ့ရပါတယ်။ ဘိုတာဖိုဂိုကို ၁-၀ ဂိုးဖြင့် အနိုင်ရရှိမှုက အေတီကိုရဲ့ရှုံးထွက်အဆင့်တက်ရောက်နိုင်ရေးမျှော်လင့်ချက်ကို မဖြည့်ဆည်းပေးနိုင်ဘဲ ဂိုးကွာခြားချက်အရ အုပ်စု(B)ရဲ့တတိယနေရာမှာသာ ရပ်တည်နိုင်ခဲ့ပါတယ်။

ဒါက အက်သလက်တီကိုမက်ဒရစ်အတွက် စိတ်ပျက်ဖွယ်ကယ်လီဖိုးနီးယားညနေခင်းတစ်ခု ဖြစ်လာခဲ့ပါတယ်။ သူတို့တွေက ရှုံးထွက်အဆင့်တက်ရောက်နိုင်ဖို့ အနိမ့်ဆုံးသုံးဂိုးပြတ်ထက်မနည်းတဲ့ နိုင်ပွဲတစ်ခုကို မဖြစ်မနေလိုအပ်ခဲ့ပါတယ်။ မျှော်လင့်သလိုမဖြစ်လာချိန် အက်သလက်တီကိုမက်ဒရစ်နည်းပြဒီယေဂိုဆီမြွန်နီရဲ့ တုံ့ပြန်သံကို DAZN သတင်းဌာနမှ ဖော်ပြလာခဲ့ပါတယ်။

“ ရှေ့ဆက်မသွားနိုင်လို့ စိတ်ပျက်တဲ့ခံစားမှုမျိုး ကျွန်တော်တို့မှာ ရှိနေပါတယ်။ အုပ်စုတွင်းမှာ ခြောက်မှတ်အထိ ရရှိခဲ့တာ မဆိုးဘူးလို့ပြောနိုင်ပေမယ့် ပီအက်စ်ဂျီနဲပွဲစဉ်ရလဒ်ပိုင်းကြောင့် ကျွန်တော်တို့ဆီဂြိုလ်ဆိုးဝင်ခဲ့ပါတယ်။ ဒီပွဲစဉ်မှာ ဆုံးဖြတ်ချက်တိုင်းက ကျွန်တော်တို့ကို နစ်နာစေခဲ့ပါတယ်။ ဒီနေ့ပွဲစဉ်မှာလည်း ဦးဆောင်ဂိုးရရှိမယ့် အခွင့်အလမ်းတွေ အများကြီးရှိခဲ့ပါတယ်။

ကျွန်တော်တို့ တည်တည်ငြိမ်ငြိမ်ရှိနေပါတယ်။ ကျွန်တော်တို့အတွက်တော့ ဘယ်ကဏ္ဍတွေမှာ တိုးတက်လာဖို့ လိုအပ်သလဲဆိုတာ ရှင်းရှင်းလင်းလင်းဖြစ်လာခဲ့ပြီး အဲ့ဒါက ကျွန်တော်တို့ကို အကူအညီဖြစ်စေပါတယ်။ ကစားသမားတွေလုပ်ပြခဲ့တဲ့အရာအတွက် အလွန်ဂုဏ်ယူမိပါတယ်။ ကျွန်တော်တို့အစွမ်းကုန်ပေးဆပ်ခဲ့ပါတယ်။ သုံးပွဲကစားရာမှာ နှစ်ပွဲအနိုင်ရရှိပေမယ့် ဝမ်းနည်းဖွယ် ပြိုင်ပွဲမှထွက်ခွာလာခဲ့ရပါတယ်”လို့ ဆီမြွန်နီက ပြောပါတယ်။

ဆက်လက်ပြီး ပထမပိုင်းပွဲချိန်အတွင်း အက်သလက်တီကိုမက်ဒရစ်ရရှိနိုင်တဲ့ ပယ်နယ်တီအခွင့်အရေးကို ငြင်းဆိုခံရမှုအပေါ် သူ့ရဲ့အမြင်ကို အသေးစိတ်ရှင်းပြပေးဖို့ ဆီမြွန်နီဆီ တောင်းဆိုခဲ့ကြပါတယ်။

သူက “ ကျွန်တော်တော့ အဲ့ဒီကိစ္စကို တဝဲလည်လည်ပြောနေမှာ မဟုတ်ပါဘူး။ ပြိုင်ဘက်ကိုလည်း ဂုဏ်ပြုပေးချင်ပါတယ်။ သူတို့တွေက ရဲစွမ်းသတ္တိအပြည့်နဲ့ အကောင်းဆုံးလုပ်ဆောင်သွားခဲ့ပါတယ်။ သူတို့လိုအပ်တဲ့ပုံစံအတိုင်း ခုခံကာကွယ်သွားသလို အဲ့ဒီလိုလုပ်နိုင်ချိန်မှာ အောင်ပွဲရရှိဖို့အတွက် အခွင့်အလမ်းတွေ ပိုမိုရရှိလာပါတယ်”လို့ ပြောပါတယ်။လတ်တလောမှာ ဆီမြွန်နီရဲ့အသင်းက ကစားသမားအင်အားဖြည့်တင်းဖို့အတွက် ဈေးကွက်အတွင်း လှုပ်ရှားနေပါတယ်။