The network connection is lost.

Banner Image

လီဗာပူးကိုရှုံးနိမ့်ပြီးနောက် မန်စီးတီးမှာ တောက်ပတဲ့အနာဂတ်တစ်ခု ရှိပါတယ်လို့ ဖွင့်ဟလာတဲ့ ပက်ဂွါဒီယိုလာ

မနေ့ညပိုင်း၊ ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် လီဗာပူးကို ရှုံးနိမ့်ခဲ့ပေမယ့် မန်စီးတီးရဲ့စွမ်းဆောင်ရည်ပိုင်းအပေါ် ပက်ဂွါဒီယိုလာက အားပါးတရချီးကျူးပြောဆိုခဲ့ပါတယ်။ ပထမပိုင်းပွဲချိန်အတွင်း မိုဆာလက်၊ ဆိုဘိုဆလိုင်းတို့ သွင်းယူခဲ့တဲ့ဂိုးတွေနဲ့ လီဗာပူးက မန်စီးတီးကို သက်သောင့်သက်သာအနိုင်ယူကာ အနီးဆုံးပြိုင်ဘက်အာဆင်နယ်ကို ၁၁ မှတ်ဖြတ်ပြီး အမှတ်ပေးဇယားဦးဆောင်သူအဖြစ် ပြတ်ပြတ်သားသားရပ်တည်နိုင်ခဲ့ပါတယ်။ အခုပွဲစဉ်အတွက် မန်စီးတီးရဲ့ ပွဲထွက်လူစာရင်းမှာ ရူဘင်ဒီယက်စ်၊ ဘာနာဒိုဆေးလ်ဗား၊ ဂမ်ဒိုဂန်တို့ မပါဝင်လာသလို ဟာလန်းကလည်း ဒူးဒဏ်ရာကြောင့် ပွဲနေ့လူစာရင်းမှ နုတ်ထွက်ခဲ့ရပါတယ်။

အခုလိုအတွေ့အကြုံနည်းပါးနေတဲ့ မန်စီးတီးအသင်းကို အမှတ်ပေးချန်ပီယံဆုဆီ တရွေ့ရွေ့ချဉ်းကပ်လာတဲ့ အန်းစလော့ရဲ့ကစားသမားတွေက အပြတ်အသတ်အသာစီးရယူကစားခဲ့ပေမယ့် ပက်ဂွါဒီယိုလာကတော့ ပြိုင်ဘက်ကောင်းနဲ့ရင်ဆိုင်ရချိန် မန်စီးတီးလူငယ်ကြယ်ပွင့်တွေရဲ့ဇွဲလုံ့လကြီးမားမှုအပေါ် ချီးကျူးခဲ့ပြီး သူ့ရဲ့အသင်းကို အကာအကွယ်ပေးခဲ့ပါတယ်။

BBC သတင်းဌာနနဲ့တွေ့ဆုံချိန် ပက်ဂွါဒီယိုလာက “ သူတို့ဆီမှာ အမြဲတမ်းလိုလို ခြိမ်းခြောက်မှုတွေရှိသလို ဒီခြိမ်းခြောက်မှုတွေကို ထိန်းချုပ်ဖို့ဆိုတာ မလွယ်ကူပါဘူး။ကျွန်တော်တို့ကတော့ ထိန်းချုပ်ထားနိုင်ခဲ့ပါတယ်။ ကျွန်တော်တို့ရဲ့ဖိအားပေးပုံ သို့မဟုတ် ကစားကွက်တည်ဆောက်ပုံမှတဆင့် ပြိုင်ဘက်ကို ထိန်းချုပ်နိုင်ခဲ့တယ်။ ဒိုကူနဲ့ ဆာဗင်ဟိုတို့လည်း ကွင်းဘေးစည်းတလျှောက် အရမ်းကောင်းတဲ့ပွဲစဉ်တစ်ခုကို ကစားနိုင်ခဲ့တယ်လို့ ကျွန်တော်ထင်ပါတယ်။ ဒါပေမယ့် အဲ့ဒီကွင်းဘေးစည်းလောက်မှာပဲ ကျွန်တော်တို့အတွက် မှော်ဆန်မှု ပျောက်ဆုံးနေခဲ့ပါတယ်။ ကျွန်တော်တို့တွေ အရမ်းကောင်းအောင်ကစားခဲ့လို့ နောင်တရစရာမရှိပါဘူး။ ပြိုင်ဘက်ရဲ့ကွင်းဘက်ခြမ်းမှာ ကျွန်တော်တို့အများကြီးလှုပ်ရှားနိုင်ခဲ့ပေမယ့် အခွင့်အရေးကောင်းတွေကိုတော့ လုံလုံလောက်လောက် မဖန်တီးနိုင်ခဲ့ဘူး။

တောက်ပတဲ့အနာဂတ်တစ်ခုကို ကျွန်တော် မြင်တွေ့ခဲ့ရပါတယ်။ ဒီဘရိုင်း၊ အကီတို့မှလွဲရင် ဒီလူငယ်လေးတွေက အသင်းဆီရောက်ရှိလာမယ့်သူတွေနဲ့အတူ လာမယ့်နှစ်တွေမှာ ကလပ်အသင်းရဲ့ အနာဂတ်တွေ ဖြစ်လာပါမယ်။ ဒီအသင်းမှာ ကစားနေတဲ့သူတွေ အများကြီးရှိပေမယ့် ကျွန်တော်တို့အတွက် ဟာလန်းပြန်လာလိမ့်မယ်ဆိုတာကို သိရှိထားပါတယ်။ကျွန်တော်တို့အတွက် အရေးကြီးတဲ့ကစားသမားတွေကို လက်လွှတ်ထားရပါတယ်။ လူတိုင်း အရမ်းကောင်းခဲ့ပါတယ်။ ဦးဆောင်ဂိုးကို ထောင့်ကန်ဘောမှတဆင့် ပေးလိုက်ရပေမယ့် ကျွန်တော်တို့တွေ တုံပြန်ကစားဖို့ ကြိုးစားခဲ့ပြီး ပြိုင်ဘက် ဘယ်လိုကစားလာမလဲဆိုတာကို သိထားခဲ့ပါတယ်။ ဒုတိယပိုင်းပွဲချိန်မှာတော့ လီဗာပူးကစားသမားတွေအကုန်လုံး ဂိုးပေါက်ကို ပိတ်ဆို့ထားခဲ့ပါတယ်။ သူတို့တွေ ဒီလိုမျိုးမလုပ်ချင်ခဲ့တာကြောင့် ကျွန်တော်တို့ အကောင်းဆုံးလုပ်နိုင်ခဲ့တာပါပဲ။ သူတို့တွေကို အထူးချီးကျူးမိသလို ကျွန်တော်တို့အသင်းကစားဟန်ကိုလည်း ကျေနပ်အားရမိပါတယ်”လို့ ပြောပါတယ်။

မန်စီးတီးက လာမယ့်ဗုဒ္ဓဟူးနေ့၊ မြောက်လန်ဒန်အရပ်မှာ တော့တင်ဟမ်နဲ့ရင်ဆိုင်ရမယ့် လိဂ်ပွဲစဉ်အတွင်း အနိုင်ရလဒ်ရှာဖွေဖို့အတွက် ရည်မှန်းနေပါလိမ့်မယ်။