လတ်တလောခြေစွမ်းပြသနိုင်ဖို့ ရုန်းကန်နေရတဲ့ ဟာလန်းကို ကာကွယ်ပြောဆိုပေးခဲ့တဲ့ ပက်ဂွါဒီယိုလာ
မန်စီးတီးအသင်းရဲ့အိပ်မက်ဆိုးဆန်ဆန် ပရီးမီးယားလိဂ်ဘောလုံးရာသီအတွင်း ဟာလန်းရဲ့ ရုတ်တရက်ခြေစွမ်းထိုးကျသွားမှုအပေါ် ပက်ဂွါဒီယိုလာက ကာကွယ်ပြောဆိုခဲ့ပါတယ်။
ဟာလန်းက ၂၀၂၄-၂၀၂၅ ဘောလုံးရာသီ၊ ပရီးမီးယားလိဂ်အဖွင့်ပွဲစဉ်ငါးခုမှာ ဟက်ထရစ်နှစ်ကြိမ်အပါအဝင် ၁၀ ဂိုးအထိ သွင်းယူပြီး အမြင့်ဆုံးပုံစံနဲ့ စတင်နိုင်ခဲ့ပါတယ်။ ဒါပေမယ့် စက်တင်ဘာလကုန်ပိုင်းမှစတင်ကာ သူ့ရဲ့ပုံစံကောင်းထိခိုက်ခဲ့ရပြီး ပရီးမီးယားလိဂ်နောက်ဆုံး ၁၂ ပွဲမှာ သုံးဂိုးသာ သွင်းယူနိုင်ခဲ့ပါတယ်။
နော်ဝေးဂိုးသွင်းစက်ရဲ့ရုတ်တရက်ပုံစံကောင်းပျောက်ဆုံးသွားမှုက မန်စီးတီးအသင်းရဲ့နိမ့်ကျသွားမှုတွေနဲ့လည်း တိုက်ဆိုင်နေခဲ့ပါတယ်။ မန်စီးတီးက ပြိုင်ပွဲစုံနောက်ဆုံး ၁၂ ပွဲကစားရာမှာ တစ်ပွဲသာ အနိုင်ရရှိပြီး ပရီမီးယားလိဂ်အမှတ်ပေးဇယားအဆင့်-၇ နေရာမှာ ရပ်တည်နေကာ အမှတ်ပေးဇယားဦးဆောင်သူလီဗာပူးနဲ့ ၁၂ မှတ်အထိ ကွာဟနေပါတယ်။ အခုလိုတိုက်စစ်ကြယ်ပွင့်ရဲ့ခြေစွမ်း ကျဆင်းသွားမှုရှိနေပေမယ့် နည်းပြပက်ဂွါဒီယိုလာကတော့ အသင်းရဲ့စုပေါင်းကျရှုံးမှုလို့ တံဆိပ်ကပ်ရင်း ဟာလန်းကို ကာကွယ်ပေးခဲ့ပါတယ်။
သတင်းထောက်တွေနဲ့တွေ့ဆုံချိန် ပက်ဂွါဒီယိုလာက “ဒါက တစ်ဦးတစ်ယောက်တည်းနဲ့မသက်ဆိုင်ဘဲ ကျွန်တော်တို့အားလုံးနဲ့ပဲ သက်ဆိုင်ပါတယ်။ ဟာလန်း အရမ်းကောင်းနေမယ်ဆိုရင်လည်း ကျွန်တော်တို့နဲ့ပဲ သက်ဆိုင်ပါတယ်။ ဟာလန်းက ကျွန်တော်တို့အတွက် အလွန်အရေးကြီးပြီး ကျွန်တော်တို့အတွက် အလွန်ပဲ အရေးပါလာပါလိမ့်မယ်။ သူ့ကို ပိုကောင်းအောင် အသုံးပြုသွားဖို့ လိုအပ်နေပါတယ်။
အကြောင်းပြချက်က ဒီတစ်ခုမှ ဒီတစ်ခုတည်းပါပဲ။ ကျွန်တော်တို့အားလုံးနဲ့ပဲ သက်ဆိုင်တာပါ။ ကောင်လေးတွေကတော့ အရင်ထက်ပိုပြီးကြိုးစားနေကြပါတယ်။ အသေးစိတ်အချက်အလက်များစွာနဲ့ ကြီးမားတဲ့အချက်အလက်တွေက ကျွန်တော်တို့ကို အရင်တုန်းကလို အဆင်မပြေစေခဲ့ပါဘူး”လို့ ပြောပါတယ်။
ပရီးမီးယားလိဂ်လက်ရှိချန်ပီယံတွေက Boxing Day မှာ အီတီဟတ်ကွင်းကြီးအတွင်း အဲဗာတန်ကို ဧည့်ခံကစားသွားရပါမယ်။