ချန်ပီယံလိဂ်ရှုံးထွက်အဆင့်ကို တိုက်ရိုက်တက်ရောက်ပြီး ရာသီဝက်ကာလမှာ အနားယူနိုင်ဖို့ မျှော်လင့်နေတဲ့ အာတီတာ
အာဆင်နယ်နည်းပြ မီခေးလ်အာတီတာက ယနေ့နံနက်ယှဉ်ပြိုင်ခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ ဒိုင်နမိုဇာဂရက်ကို ၃-၀ နဲ့ဂိုးပြတ်အနိုင်ရရှိပြီးနောက် လာမယ့်လအတွင်း ကြုံတွေ့သွားရဖို့ရှိတဲ့ ရာသီဝက်အနားရခြင်းရဲ့ အကျိုးကျေးဇူးတွေကို ထုတ်ဖော်ပြောကြားလာခဲ့ပါတယ်။ ဒိုင်နမိုဇာဂရက်ကိုအနိုင်ယူပြီး ၃ မှတ်အပြည့်အဝစုဆောင်းနိုင်ခဲ့တာကြောင့် ယခုအခါမှာ အုပ်စုအမှတ်ပေးဇယားရဲ့ အဆင့် ၃ နေရာမှာရပ်တည်နေပြီးနောက်တစ်ဆင့်ကို တိုက်ရိုက်တက်လှမ်းနိုင်ဖို့ အခွင့်အရေးကောင်းတွေပိုင်ဆိုင်ထားပြီဖြစ်ပါတယ်။
သို့သော်လည်း အာဆင်နယ်အနေနဲ့ ထိပ်ဆုံး ၈ သင်းအနေနဲ့ ရှုံးထွက် ၁၆ သင်းအဆင့်ကိုတက်လှမ်းနိုင်ဖို့ဆိုရင်တော့ အုပ်စုအဆင့်နောက်ဆုံးပွဲစဉ်ဖြစ်တဲ့ ဂျီရိုနာနဲ့ပွဲစဉ်မှာ အပြုသဘောဆောင်တဲ့ရလဒ်မျိုး ဖန်တီးသွားနိုင်ဖို့ လိုအပ်နေပါသေးတယ်။တကယ်လို့ အာဆင်နယ်ဟာ ထိပ်ဆုံး ၈ သင်းနဲ့ နောက်တစ်ဆင့်ကိုတက်လှမ်းသွားနိုင်မယ်ဆိုရင် ပလေးအော့ဖ် ၂ ပွဲကန်စရာမလိုတာကြောင့် ဖေဖော်ဝါရီလအတွင်းမှာ ၁၀ ရက်ခန့် အနားရသွားမှာဖြစ်ပါတယ်။ ဒါကြောင့် အာတီတာရဲ့အသင်းဟာ ပြီးခဲ့တဲ့ရာသီကလိုပဲ နွေးထွေးတဲ့ရာသီဥတုရှိရာ ဒူဘိုင်းသို့သွားရောက်ပြီး လေ့ကျင့်ရေးဆင်းသွားနိုင်ချေရှိပါတယ်။
ယခုအခါမှာ အာတီတာက အဆိုပါအနားရခြင်းရဲ့အကျိုးကျေးဇူးကို “တကယ်လို့ ကျွန်တော်တို့သာ ပလေးအော့ဖ် ၂ ပွဲကစားစရာမလိုဘဲ နောက်တစ်ဆင့်ကိုတက်နိုင်ရင် ၁၀ ရက်လောက်အနားရသွားမှာဖြစ်လို့ အရမ်းကောင်းပါတယ်။ ကစားသမားတွေအနေနဲ့ ဒီလိုအားလပ်ရက်ကို ပိုပြီးတော့ လိုချင်ကြမယ်လို့ထင်ပါတယ်။ တကယ်လို့ ရခဲ့ရင်တော့ အသင်းအတွက်အရမ်းကောင်းပါတယ်။ ဒီပွဲမှာနိုင်ခဲ့တာ ကျွန်တော်တို့အတွက် ကြီးမားတဲ့ခြေလှမ်းတစ်ခုပါပဲ။နောက်ဆုံး ဂျီရိုနာနဲ့ပွဲမှာလည်း ဒီလိုခြေစွမ်းမျိုးနဲ့ ကစားသွားဖို့လိုပါတယ်။ အခုချိန်မှာ အသင်းက တကယ်ကောင်းမွန်တဲ့ အဆင့်မှာရပ်တည်နေတာဖြစ်ပါတယ်။ ဒီနေ့ပွဲမှာ ၃ ဂိုးအထိသွင်းနိုင်ခဲ့ပြီး အခွင့်အရေးတွေလည်း အများကြီးဖန်တီးနိုင်ခဲ့ပါတယ်။ နောက်တန်းပိုင်းကလည်း အပြစ်ပြောစရာမရှိလို့ ကျေနပ်စရာကောင်းတဲ့ နိုင်ပွဲတစ်ပွဲပါ”
“ကစားသမားတွေအနေနဲ့ ကြံ့ခိုင်မှုပြည့်ဝနေတာကလည်း ကောင်းတဲ့အချက်ပါပဲ။ ဒဏ်ရာရခဲ့တာမျိုးလည်းမရှိခဲ့ပါဘူး။ မနေ့ကတော့ ကျွန်တော်တို့ ကစားသမားအချို့ကို လေ့ကျင့်ရေးကွင်းမှာ ဆုံးရှုံးခဲ့ရပါတယ်။ ဒါပေမယ့် ကြီးမားတဲ့ဒဏ်ရာပြဿနာတွေမဟုတ်လို့ ကံကောင်းပါတယ်။ အခုကစပြီး ဝုဗ်နဲ့ပွဲစဉ်အတွက် အာရုံစိုက်သွားပါမယ်” လို့ပြောကြားခဲ့ပါတယ်။