The network connection is lost.

Banner Image

လာလီဂါဒိုင်လူကြီးတွေကို ကာကွယ်သွားရမယ်လို့ ဆိုလာတဲ့ ဟန်ဆီဖလစ်

ဘာစီလိုနာနည်းပြ ဟန်ဆီဖလစ်က ပြိုင်ဘက် ရီးရဲလ်မက်ဒရစ်နဲ့ မကြာခဏဆိုသလို အငြင်းပွားမှုတွေဖြစ်ပွားနေတဲ့ လာလီဂါ ဒိုင်အဖွဲ့ချုပ်နဲ့ ဒိုင်လူကြီးတွေကို ကာကွယ်ပေးဖို့ လိုအပ်နေကြောင်း ပြောကြားလာခဲ့ပါတယ်။  ရီးရဲလ်မက်ဒရစ်ဟာ မကြာသေးမီကာလတွေမှာ လာလီဂါဒိုင်လူကြီးတွေ့ရဲ့ ဆုံးဖြတ်ချက်တွေနဲ့ ပတ်သက်ပြီး စောဒကတက်မှုတွေပြုလုပ်နေတာဖြစ်ပါတယ်။ ရီးရဲလ်မက်ဒရစ်တီဗွီမှာလည်း ဒိုင်တွေကို အနည်းငယ်ဝေဖန်မှုတွေပြုလုပ်နေပြီး မကြာသေးမီက ရီးရဲလ်ဟာ လာလီဂါကနေ ထွက်ခွာဖို့အတွက်တောင် ပြင်ဆင်နေပြီလို့ သတင်းတွေထွက်ပေါ်ခဲ့ပါသေးတယ်။ 

ပြီးခဲ့တဲ့အပတ်က အိုဆာဆူနာကို ၁-၁ နဲ့သရေကျခဲ့တဲ့ပွဲစဉ်မှာလည်း ရီးရဲလ်မက်ဒရစ်ကွင်းလယ်လူ ဂျုဒ်ဘယ်လင်ဟမ်ဟာ ကွင်းလယ်ဒိုင်ကို F*** You လို့ဆဲခဲ့တယ်လို့ ယူဆခံခဲ့ရပြီး ပွဲကစားချိန် ၃၉ မိနစ်မှာတင် တိုက်ရိုက်အနီကတ်ပြ ထုတ်ပယ်ခံခဲ့ရပါတယ်။ ဒါ့အပြင် အက်စ်ပန်ညိုကို ၁-၀ နဲ့ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်မှာ အက်စ်ပန်ညိုအတွက် တစ်လုံးတည်းသောအနိုင်ဂိုးကို သွင်းယူခဲ့တဲ့ နောက်ခံလူ ကားလို့စ်ရိုမဲရိုဟာ ဂိုးမသွင်းခင်မှာ အနီကတ်ပြထုတ်ပယ်ခံရသင့်တယ်လို့ ရီးရဲလ်မက်ဒရစ်ဘက်ကယူဆခဲ့ပြီး လာလီဂါဒိုင်လူကြီးအဖွဲ့ချုပ်ထံ စောဒကတက်ခဲ့ပါတယ်။ 

သို့သော်လည်း ဟန်ဆီဖလစ်ကတော့ “ဒိုင်လူကြီးတွေရှိဖို့က အရမ်းအရေးကြီးပါတယ်။ စပိန်ဒိုင်တွေရဲ့ အလုပ်လုပ်ပုံက မယုံနိုင်စရာပါ။ စောဒကတက်နေတာမျိုးတွေ မလုပ်သင့်ပါဘူး။ သူတို့မှာလည်း မိသားစုတွေနဲ့ပါ။ ကျွန်တော်တို့ မန်နေဂျာတွေအနေနဲ့ရော၊ ကစားသမားတွေအနေနဲ့ပါ သူတို့ကို အကာအကွယ်ပေးနိုင်ဖို့လိုပါတယ်။ သူတို့ကိုဆန့်ကျင့်ပြီး ကိုယ့်ခွန်အားကိုယ် ဖြုန်းတီးမနေသင့်ပါဘူး”

“ကျွန်တော်တို့မှာ VAR လည်းရှိသလို ဒိုင်တွေကို ယုံကြည်ဖို့လည်းလိုပါတယ်။ တစ်ခါတလေမှာ မှားယွင်းတဲ့ဆုံးဖြတ်တွေရှိကောင်းရှိနိုင်ပေမယ့် သူတို့က လူသားတွေပါပဲ။ အမှားနဲ့ကင်းမှာမဟုတ်ပါဘူး။ ဘောလုံးအဖွဲ့ချုပ်အနေနဲ့လည်း သူတို့ဘယ်လောက်အထိ အာဏာရှိကြောင်း ပြသထားသင့်ပါတယ်။ ကစားသမားတွေနဲ့ နည်းပြတွေလည်း အမှားလုပ်ကြတာပါပဲ”

“ကျွန်တော်တို့က ဆင်ခြေပေးဖို့ပဲ အမြဲတမ်းရှာဖွေနေကြပါတယ်။ ကျွန်တော်တို့ရှုံးရင် ဒိုင်လူကြီးကြောင့်လို့ ပြောလို့မရပါဘူး။ ကျွန်တော်တို့အားလုံးအမှားလုပ်ပါတယ်။ကျွန်တော်လည်းအမှားလုပ်တယ်။ ခင်ဗျားတို့လည်းအမှားလုပ်တယ်။ ဒိုင်လူကြီးတွေလည်းအတူတူပါပဲ။ ကျွန်တော်တို့က ဒိုင်တွေမရှိဘဲ ကစားဖို့မဖြစ်နိုင်လို့ သူတို့ကို ကာကွယ်ဖို့လိုပါတယ်။ ပြီးတော့ အနိုင်ရဖို့ ပိုကောင်းအောင်ကစားနိုင်ရပါမယ်” လို့ပြောကြားခဲ့ပါတယ်။ 

ပြီးခဲ့တဲ့တနင်္လာနေ့က ဗယ်လီကာနိုကို ၁-၀ နဲ့အနိုင်ရထားတဲ့ ဘာစီလိုနာဟာ ယခုအခါမှာတော့ ရီးရဲလ်မက်ဒရစ်နဲ အက်သလက်တီကိုတို့ကိုကျော်ဖြတ်ပြီး လာလီဂါအမှတ်ပေးဇယားကို ထိပ်ဆုံးကနေ ဦးဆောင်ထားနိုင်ခဲ့ပြီဖြစ်ပါတယ်။ လာမယ့်လာလီဂါပွဲစဉ်မှာတော့ ဟန်ဆီဖလစ်ရဲ့အသင်းဟာ လက်စ်ပါးမက်စ်ကို အဝေးကွင်းမှာသွားရောက်ရင်ဆိုင်ရပါမယ်။