The network connection is lost.

Banner Image

မန်စီးတီးနဲ့ ၂၀၂၆ ခုနှစ်အထိ စာချုပ်သက်တမ်း တိုးလိုက်တဲ့ ဝေါ်လ်ကာ

ဝါရင့်နောက်ခံလူ ကိုင်လီဝေါ်လ်ကာဟာ မန်စီးတီးနဲ့ ၂၀၂၆ ခုနှစ်အထိ သက်တမ်းရှိမယ့် စာချုပ်တစ်ရပ်ကို လက်မှတ်ရေးထိုးခဲ့တယ်လို့ မန်ချက်စတာအခြေစိုက်ကလပ်မှယမန်နေ့(ကြာသပတေးနေ့)မှာ တရားဝင်ထုတ်ပြန်လိုက်ပါတယ်။

အင်္ဂလန်လက်ရွေးစင်နောက်ခံလူရဲ့ စာချုပ်သက်တမ်းက နောက်ဆုံးနှစ်ဆီ ဝင်ရောက်လာပြီဖြစ်ပေမယ့် အခုလိုစာချုပ်သက်တမ်း တိုးနိုင်မှုကြောင့် သူ့ကို ၂၀၂၆ ခုနှစ်အထိ အီတီဟတ်ကွင်းမှာ ဆက်လက်မြင်တွေ့ရဖို့ သေချာသွားခဲ့ပါပြီ။

အသက်-၃၃ နှစ်အရွယ် ဝေါ်လ်ကာက မန်စီးတီးမှာ ဆက်နေဖို့ ဂျာမန်ချန်ပီယံဘိုင်ယန်မြူးနစ်ရဲ့ စိတ်ဝင်စားမှုတွေကို ပယ်ချခဲ့ရပါတယ်။ ဒါ့အပြင် ဝေါ်လ်ကာရဲ့ကလပ်အသင်းဖော် ဘာနာဒိုဆေးလ်ဗားကလည်း မန်စီးတီးနဲ့ စာချုပ်သက်တမ်းတိုးမြှင့်ထားပါတယ်။

“စာချုပ်သက်တမ်းတိုးနိုင်ခဲ့လို့ ကျွန်တော် ပျော်ရွှင်ကြည်နူးရပါတယ်။ ကျွန်တော့်အနာဂတ်က မန်စီးတီးပါ။ ဒါက ကျွန်တော့်အတွက် အကောင်းဆုံး အရာပါပဲ။ အခုလိုခမ်းနားလှတဲ့ကလပ်အသင်းမှာ ရှိခဲ့တဲ့ ခြောက်နှစ်တာ ကာလအတွင်း အဖြစ်အပျက်တိုင်းဟာ ကျွန်တော့်ကို ပျော်ရွှင်စေပါတယ်။ အံ့ဖွယ်နည်းပြတစ်ဦး၊ အသင်းဖော်ကောင်းတွေနဲ့ ဝန်ထမ်းကောင်းတွေ ရှိနေပြီး ကျွန်တော်တို့အသင်း ပရိသတ်တွေကတော့ အကောင်းဆုံးပေါ့။ ဒီအစုအဖွဲ့တွေရဲ့ ပံ့ပိုးပေးမှုကိုလည်း လက်တွေ့ခံစားခဲ့ရပါတယ်။ သမိုင်းဝင်ဆုဖလားသုံးလုံး ဆွတ်ခူးနိုင်တဲ့ဘောလုံးရာသီကတော့ ကျွန်တော့်အတွက် မမေ့နိုင်စရာပါပဲ။

ဒါမျိုး နောက်တစ်ကြိမ်ထပ်လုပ်ဖို့နဲ့ ဆုဖလားတွေ ပိုပြီးဆွတ်ခူးနိုင်ဖို့ ကျွန်တော်တို့ အဆင်သင့်ဖြစ်နေပါပြီ။ နှစ်တိုင်း ဆုဖလားတွေအတွက် ပြိုင်ဆိုင်နေတဲ့အသင်းမှာ ဆက်ရှိနေရလို့ ကျေနပ်မိပါတယ်။ လာမယ့်နှစ်တွေမှာ ဘယ်လိုအရာတွေ ထပ်မံဆောင်ကြဉ်းနိုင်မလဲဆိုတာသိရဖို့ မစောင့်နိုင်တော့ပါဘူး”လို့ ဝေါ်လ်ကာက ပြောပါတယ်။

ပရီးမီးယားလိဂ်ရာသီအဖွင့်ပွဲစဉ် လေးပွဲလုံးကို အနိုင်ကစားထားနိုင်တဲ့ မန်စီးတီးက မနက်ဖြန်(စနေနေ့)မှာ လန်ဒန်ဘောလုံးကွင်းကြီးအတွင်း ဝက်စ်ဟမ်းနဲ့ ယှဉ်ပြိုင်ကစားရပါမယ်။