
အခုဘောလုံးရာသီ ချဲလ်ဆီးမှာ ကြီးမားတဲ့ အားသာချက်တစ်ခုရှိတယ်လို့ ပြောဆိုလိုက်တဲ့ ယာဂန်ကလော့ပ်
လီဗာပူးနည်းပြယာဂန်ကလော့ပ်က အခုဘောလုံးရာသီအတွင်း သူ့ရဲ့အသင်းထက် ချဲလ်ဆီးအသင်းမှာ အလွန်ကြီးမားတဲ့အားသာချက်တစ်ခု ရှိနေတယ်လို့ ယူဆနေပါတယ်။ ဘောလုံးပရိသတ်အများစုကတော့ မန်စီးတီးရဲ့ပရီးမီးယားလိဂ်ချန်ပီယံဆု ကာကွယ်မှုအပေါ် စိန်ခေါ်နိုင်မယ့် အသင်းတွေအဖြစ် အာဆင်နယ်နည်းတူ လီဗာပူးကိုလည်း သတ်မှတ်ထားကြပါတယ်။
လီဗာပူးက ၂၀၂၃-၂၀၂၄ ဘောလုံးရာသီ၊ ပရီးမီးယားလိဂ်ပြိုင်ပွဲကို ခြောက်ပွဲကစား၊ ငါးပွဲနိုင်ဆိုတဲ့ ရလဒ်ပိုင်းဖြင့် အကောင်းမွန်ဆုံး စတင်ထားပါတယ်။ သူတို့က ရာသီအဖွင့်ပွဲစဉ်ဖြစ်တဲ့ ချဲလ်ဆီးနဲ့အဝေးကွင်းပွဲစဉ်မှာပဲ တစ်ဖက်တစ်ဂိုးစီ သရေရလဒ်ကို ပိုင်ဆိုင်ခဲ့ရတာပါ။ တဖက်မှာတော့ ချဲလ်ဆီးက ပရီးမီးယားလိဂ်အဖွင့်ခြောက်ပွဲမှာ တစ်ပွဲသာ အနိုင်ရရှိပြီး ခက်ခဲကြမ်းတမ်းတဲ့ အခိုက်အတန့်တစ်ခုကို ဖြတ်သန်းနေရပါတယ်။
ပရီးမီးယားလိဂ်သမိုင်းတလျှောက် ဘယ်အသင်းကမှ မသုံးစွဲဖူးတဲ့ ငွေလုံးငွေရင်းပမာဏကို ကစားသမားသစ်တွေ ခေါ်ယူရာမှာ ချဲလ်ဆီးတို့ သုံးစွဲထားပေမယ့် ရလဒ်ဆိုးတွေနဲ့ပဲ ရင်ဆိုင်နေရပါတယ်။ ချဲလ်ဆီးရဲ့ ကွင်းတွင်းကွင်းပြင်ရုန်းကန်ရမှုတွေ ရှိနေပေမယ့်လည်း ယာဂန်ကလော့ပ်ကတော့ တော့တင်ဟမ်နည်းတူ ပိုချက်တီနိုရဲ့အသင်းမှာလည်း ဥရောပပွဲစဉ်တွေ ကစားရခြင်းမရှိလို့ အခုရာသီကုန်အမှတ်ပေးဇယား ထိပ်ဆုံးလေးသင်းစာရင်းဝင်နိုင်ရေးပြိုင်ပွဲမှာ ကြီးမားတဲ့အားသာချက်တစ်ခု ရှိထားတယ်လို့ ယုံကြည်နေပါတယ်။
ဒီနေ့ညပိုင်း၊ တော့တင်ဟမ်နဲ့ရင်ဆိုင်ရမယ့် ပရီးမီးယားလိဂ်ပွဲစဉ်မတိုင်ခင် ပွဲကြိုသတင်းစာရှင်းလင်းပွဲအတွင်း ကလော့ပ်က “ချဲလ်ဆီးနဲ့ တော့တင်ဟမ်တို့က ဥရောပပွဲစဉ်တွေ မကစားရပါဘူး။ ဥရောပပြိုင်ပွဲတွေမှာ ဟဲဗီးဝိတ်အသင်းနှစ်ခု မပါဝင်ဘူးပေါ့။ အခြားသူတွေ ခရီးထွက်နေရချိန် ဒီနှစ်သင်းလုံးက သီတင်းပတ်တစ်ခုလုံး လေ့ကျင့်ပြင်ဆင်ခွင့်ရှိနေပါတယ်။ ဒါက ကြီးမားတဲ့ အားသာချက်တစ်ခုပါ။ အခုရာသီချန်ပီယံလိဂ်ဝင်ခွင့်ရရှိဖို့က ကြီးမားတဲ့၊ ခက်ခဲတဲ့ စမ်းသပ်မှုတစ်ခု ဖြစ်လာပါလိမ့်မယ်။ ဘာကြောင့်လဲဆိုတော့ ချဲလ်ဆီးနဲ့ တောင့်တင်ဟမ်တို့က ကောင်းကောင်းအနားယူခွင့်ရှိနေလို့ပါ”လို့ ပြောပါတယ်။