
လီဗာပူးပရိသတ်တွေအတွက် စိုးရိမ်စရာသတင်းစကားကို ပေးပို့လာတဲ့ ဗန်ဒိုက်
ကစားသမားဘဝအနာဂတ်နဲ့ပတ်သက်လို့ ကောလာဟလမျိုးစုံထွက်ပေါ်နေချိန်မှာပဲ လီဗာပူးအသင်းအတွက် ဘယ်လောက်အထိ ပါဝင်ကစားပေးနိုင်ဦးမလဲဆိုတာ ကိုယ်တိုင်လည်း မသိသေးပါဘူးလို့ ဗန်ဒိုက်က ပြောဆိုခဲ့ပါတယ်။ စာချုပ်သက်တမ်းနောက်ဆုံးခြောက်လကာလဆီ ဝင်ရောက်လာပြီဖြစ်တဲ့ ကြိုးကြာနီကပ္ပတိန်က အခုအချိန်အထိတော့ စာချုပ်သစ်မှာ လက်မှတ်မထိုးရသေးပါဘူး။
အစ်ဆွစ်တောင်းကို ၄-၁ ဂိုးဖြင့် အနိုင်ရရှိတဲ့ ပရီးမီးယားလိဂ်ပွဲစဉ်အပြီး အသက်-၃၃ နှစ်အရွယ်ကစားသမားက ကလပ်အသင်းအတွက် ပွဲ ၃၀၀ ပြည့်မြောက်ခဲ့မှုနဲ့ပတ်သက်လို့ တုံ့ပြန်လာခဲ့သလို လီဗာပူးပရိသတ်တွေ စိုးရိမ်ပူပန်စေနိုင်မယ့် သူ့ရဲ့အနာဂတ်နဲ့ပတ်သက်တဲ့ သတင်းစကားတစ်ခုကိုလည်း ထုတ်ပြန်ခဲ့ပါတယ်။
ဗန်ဒိုက်က “(လီဗာပူးကစားသမားဘ၀ ပွဲ ၃၀၀ ပြည့်မြောက်ခဲ့မှုနဲ့ပတ်သက်လို့) အရမ်းဂုဏ်ယူမိပါတယ်။ ဒီနေ့၊ ဒီမှာရှိနေတဲ့ ကျွန်တော့်ရဲ့မိသားစုဝင်တွေနဲ့ ကျွန်တော့်ရဲ့ရင်သွေးတွေအတွက် အထူးစပါယ်ရှယ်နေ့ရက်တစ်ခု ဖြစ်ပါတယ်။ ဒီည(စနေညပိုင်း)မှာတော့ ဇနီးဖြစ်သူနဲ့ အောင်ပွဲခံဖို့အတွက် ကျွန်တော်ကိုယ်တိုင်လည်း အနီရောင်ဝိုင်တစ်ခွက်လောက် သောက်မိကောင်းသောက်မိပါလိမ့်မယ်။ ဒီလောက်ပါပဲ။ နောက်ပြီးရင် လာမယ့်ပွဲစဉ်အတွက် အာရုံစိုက်သွားပါမယ်။ အဓိက,ကတော့ နောက်ပိုင်းကာလတွေမှာ လီဗာပူးနဲ့အတူ ဖြစ်ပျက်ခဲ့သမျှအရာတွေနဲ့ပတ်သက်ပြီး ပြန်ပြောင်းအမှတ်ရနိုင်မယ့် နေ့ရက်တစ်ခုတော့ ရှိလာပါလိမ့်မယ်။ ပြီးရင် အရမ်းကောင်းတဲ့အရာတွေအကြောင်း စဉ်းစားနိုင်မယ့် အတွေးတစ်ခုလည်း ကျွန်တော့်ဆီမှာ ရှိလာပါလိမ့်မယ်။ ကောင်းတဲ့အရာတွေ ဖြစ်လာဖု့ိလည်း မျှော်လင့်ထားပါတယ်။ အသင်းအတွက် ဘယ်လောက်အထိပါဝင်ကစားပေးနိုင်မလဲဆိုတာတော့ ကျွန်တော်လည်း မသိသေးပါဘူး။ အခုရာသီကုန်ဆုံးဖို့ အချိန်ဘယ်လောက်ကျန်သေးလဲ? ကောင်းတဲ့အရာတွေ ဖြစ်လာဖို့ မျှော်လင့်ထားပြီး အနာဂတ်မှာ ဘာတွေဖြစ်လာဦးမလဲဆိုတာကိုတော့ ကျွန်တော်လည်း မသိပါဘူး။ လီဗာပူးအသင်းနဲ့အတူ နိုင်ပွဲရရှိမှု ၆၉ ဒဿမ ၇ ရာခိုင်နှုန်းအထိရှိနေခြင်းက အခုအချိန်အထိ ကျွန်တော် အကောင်းဆုံးလုပ်နိုင်နေဆဲပဲဆိုတာကို ပြသပေးနေပါတယ်။ ဒါတွေအကုန်လုံးက ကစားသမားတွေရော၊ နည်းပြတွေရော၊ ပရိသတ်တွေနဲ့ပါ သက်ဆိုင်ပါတယ်။ ဒါက ကောင်းမွန်တဲ့အချက်အလက်တစ်ခုဖြစ်ပါတယ်။ ကျွန်တော်တို့ ရှေ့ဆက်သွားရပါဦးမယ်။ ကောင်းမွန်တဲ့နိုင်ပွဲအပြီး နောက်ပွဲစဉ်ကို အာရုံစိုက်သွားပါမယ်”လို့ ပြောပါတယ်။
ဗန်ဒိုက်က အတိတ်မှာရော၊ ပစ္စုပ္ပန်မှာပါ လီဗာပူးအသင်းအတွက် အကောင်းဆုံးပါဝင်ပေးဆပ်ကစားနေလို့ သူ့ကို ဆက်ထိန်းထားနိုင်ဖို့ဆိုတာ အရေးကြီးတဲ့ကိစ္စတစ်ခုဖြစ်ပါတယ်။စာချုပ်သက်တမ်းနောက်ဆုံးကာလဆီ ရောက်ရှိနေတဲ့ ဗန်ဒိုက်၊ မိုဆာလက်နဲ့ အာနိုးလ်တို့ကို ဆုံရှုံးလိုက်ရမယ်ဆိုရင် အန်းစလော့ရဲ့အသင်းအတွက် ကြီးမားတဲ့ဆုံးရှုံးမှုတစ်ခု ဖြစ်လာပါလိမ့်မယ်။ လီဗာပူးအသင်းကို ကိုယ်စားပြုပြီး ဗန်ဒိုက်ပါဝင်ကစားမယ့် နောက်ထပ်ပွဲစဉ်တစ်ခုကတော့ လာမယ့်ဗုဒ္ဓဟူးနေ့၊ ပီအက်စ်ဗွီနဲ့ရင်ဆိုင်ရမယ့် ချန်ပီယံလိဂ်အဝေးကွင်းပွဲစဉ် ဖြစ်ပါတယ်။