ကြွက်သားဒဏ်ရာကြောင့် ၂ ပွဲလောက်နားရမယ့် ထရစ်ပီယာ
နယူးကာဆယ်အသင်းနည်းပြ အက်ဒီဟိုဝီက ထရစ်ပီယာတစ်ယောက် ကြွက်သားဒဏ်ရာကြောင့် ၂ ပွဲလောက်လွဲချော်မယ်လို့ သောကြာနေ့က အတည်ပြုလိုက်ပါတယ်။
ထရစ်ပီယာဟာ ပြီးခဲ့တဲ့အပတ်က ဝုဗ်အသင်းကို ၃ ဂိုးပြတ် အနိုင်ရခဲ့တဲ့ပွဲအတွင်း ဒုတိယပိုင်းမှာ လူစားလဲခံခဲ့ရတာဖြစ်ပါတယ်။ နယူးကာဆယ်ဟာ တနင်္လာနေ့မှာ ချဲလ်ဆီးနဲ့ကန်ရမှာဖြစ်ပြီး အဲ့နောက် စနေနေ့မှာ အက်ဖ်အေဖလား ကွာတားဖိုင်နယ်ပွဲအဖြစ် မန်စီးတီးနဲ့ ကန်ရမှာဖြစ်ပါတယ်။
အင်္ဂလန်သားကတော့ ဒဏ်ရာအခြေအနေကြောင့် အဆိုပါပွဲ ၂ ပွဲကို လွဲချော်ဖို့များနေပါတယ်။ “ဒဏ်ရာအခြေအနေကတော့ အသေးစားပါ။ ဒါပေမယ့် စစ်ဆေးမှုတွေဆက်လုပ်ပြီး ၂ ပွဲလောက်တော့ နားရပါမယ်။ နိုင်ငံတကာရက်သတ္တပတ်အပြီးမှာ သူပြန်လာနိုင်မှာပါ။ ဒါပေမယ့် လုံးဝသေချာတာတော့မဟုတ်ပါဘူး”လို့ ဟိုဝီက သတင်းစာရှင်းပွဲမှာ ပြောကြားခဲ့ပါတယ်။
ဝုဗ်နဲ့ပွဲမှာ ထရစ်ပီယာနေရာအား လီဗရာမန်တိုအစားထိုးဝင်ကစားခဲ့ပြီး ပြီးခဲ့တဲ့နွေရာသီအသင်းကိုပြောင်းလာပြီးကတည်းက ပထမဆုံးဂိုးကို သွင်းယူပေးနိုင်ခဲ့ပါတယ်။ “သူ့အတွက် တကယ်ကောင်းတဲ့စတင်မှုပါ။ ညာဘက်ဖြစ်ဖြစ် ဘယ်ဘက်ဖြစ်ဖြစ် သူကနေရာစုံမှာကစားနိုင်ပါတယ်။ ဒဏ်ရာပြဿနာရှိနေချိန်မှာာ သူ့အတွက် အခွင့်အရေးရလာခဲ့ပါပြီ။ သူ့မှာအပြေးစွမ်းရည်အပြင် နည်းစနစ်ပိုင်းလည်း ကောင်းမွန်သလို တကယ်ကောင်းတဲ့သွင်းဂိုးတစ်ဂိုးလည်း သွင်းယူနိုင်ခဲ့ပါတယ်။ သူ့အတွက် ကျွန်တော် ဝမ်းသာမိပါတယ်”လို့ ဟိုဝီက ပြောကြားခဲ့ပါတယ်။
ထရစ်ပီယာဒဏ်ရာ ရရှိနေတာကြောင့် လီဗရာမန်တိုအနေနဲ့ လာမယ့်ပွဲတွေမှာ ပွဲထွက်ခွင့်ရရှိလာဖွယ်ရှိနေပါတယ်။