
ဗီလာပတ်ခ်မှာ နိုင်ပွဲရရှိသင့်တယ်လို့ ယူဆနေတဲ့ ဗန်ဒိုက်
ဒီနေ့မနက်ပိုင်း၊ ဗီလာပတ်ခ်ကွင်းမှာ အက်စတွန်ဗီလာနဲ့ တစ်ဖက်နှစ်ဂိုးစီသရေကျခဲ့တဲ့ပွဲစဉ်အတွင်း လိဂ်ချန်ပီယံပြေးလမ်းအတွက် အမှတ်လျော့ကျခဲ့တဲ့ လီဗာပူးအသင်းအနေဖြင့် အနိုင်ရလဒ်ရရှိသင့်တယ်လို့ ဗန်ဒိုက်က ယုံကြည်နေခဲ့ပါတယ်။ အခုပွဲစဉ်ရဲ့ပွဲချိန်နာရီဝက်ဝန်းကျင်မှာ မိုဆာလက်က လီဗာပူးအတွက် အရေးပါတဲ့ဦးဆောင်ဂိုးကို သွင်းယူပေးခဲ့ပေမယ့် နောက်ထပ်ကိုးမိနစ်အကြာမှာပဲ တိုင်လီမန်းစ်က ဧည့်သည်တွေရဲ့ဦးဆောင်မှုကို ချေဖျက်သွားခဲ့ပါတယ်။ ပထမပိုင်းနာကျင်အချိန်ပိုမှာ ဝက်ကင်စ်က အိမ်ရှင်တွေအတွက် နောက်ထပ်ဂိုးသွင်းယူပေးခဲ့လို့ ပထမပိုင်းပွဲချိန်အပြီး အက်စတွန်ဗီလာက လီဗာပူးကို ၂-၁ ဂိုးဖြင့် ဦးဆောင်နိုင်ခဲ့ပါတယ်။ ဒုတိယပိုင်းပွဲချိန်အတွင်း အာနိုးလ်က အသင်းအတွက် အဖိုးထိုက်တန်လှတဲ့ချေပဂိုးကို လှလှပပသွင်းယူပေးခဲ့လို့ တစ်ဖက်နှစ်ဂိုးစီသရေရလဒ်နဲ့ ပွဲချိန်ကုန်ဆုံးခဲ့ပါတယ်။
အခုပွဲစဉ်ရလဒ်ပိုင်းနဲ့အတူ လီဗာပူးက ပရီးမီးယားလိဂ်အမှတ်ပေးဇယားထိပ်ဆုံးနေရာမှာ ၈ မှတ်အသာဖြင့် ရှိနေပေမယ့် အနီးဆုံးပြိုင်ဘက်အာဆင်နယ်ထက် တစ်ပွဲပိုကစားခဲ့ပါပြီ။
ပွဲစဉ်အပြီး TNT Sports နဲ့တွေ့ဆုံချိန် ဗန်ဒိုက်က “ နည်းနည်းစိတ်ပျက်မိပေမယ့် ကျွန်တော်တို့ ဆက်ပြီးတိုက်ပွဲဝင်သွားရပါမယ်။ ကျွန်တော်တို့အတွက် နိုင်ပွဲရရှိဖို့ အခွင့်အရေးတွေ ရရှိခဲ့ပေမယ့် တိုက်စစ်ဖွင့်ကစားနိုင်ဖို့ စွန့်စားရတာတွေလည်း ရှိခဲ့ပါတယ်။ သရေတစ်မှတ်ရရှိခဲ့ပြီး သီတင်းပတ်ကုန်၊ ပွဲကြီးပွဲကောင်းဆီ အာရုံစိုက်သွားရပါမယ်။
ဘောလုံးပိုင်ဆိုင်ထားချိန်မှာ ကျွန်တော်တို့ အကောင်းဆုံးလုပ်နိုင်ခဲ့ပြီး ဒုတိယမြောက်ဦးဆောင်ဂိုးသွင်းယူနိုင်ဖို့ အခွင့်အရေးတွေ ဖန်တီးနိုင်ခဲ့ပါတယ်။ အလွတ်တည်ကန်ဘောမှတဆင့် ချေပဂိုးပေးလိုက်ရတာ စိတ်ပျက်ဖို့ကောင်းပါတယ်။ ကျွန်တော်တို့ အစွမ်းကုန်ကြိုးစားခဲ့ပေမယ့် ကံမကောင်းစွာနဲ့ဘဲ ဒါက အနိုင်သုံးမှတ်အပြည့်ရရှိဖို့အတွက် မလုံလောက်ခဲ့ပါဘူး။
ရလဒ်ကို ၃-၂ ဂိုးအထိ ဖြစ်လာအောင် ကျွန်တော်တို့ ဂိုးသွင်းယူနိုင်ခဲ့သင့်ပါတယ်။ ဒါပေမယ့် အက်စတွန်ဗီလာကိုလည်း အသိအမှတ်ပြုရမှာပါ။ သူတို့တွေက လုံးဝအခက်တွေ့အောင် လုပ်ဆောင်ခဲ့ပါတယ်။ ကျွန်တော်တို့မှာ အခုသီတင်းပတ်ကုန်၊ပွဲကြီးပွဲကောင်းတစ်ခုကစားရဖို့ ရှိနေပါတယ်။ ပြီးရင်တော့ နယူးကာဆယ်နဲ့ ရင်ဆိုင်သွားရပါမယ်။ ဒါကြောင့် အခုအချိန်မှာ မန်စီးတီးနဲ့ပွဲစဉ်ကို ကျွန်တော်တို့ အာရုံစိုက်သွားရပါမယ်။အရမ်းခက်ခဲမယ့်ပွဲစဉ်တစ်ခုဆိုတာ ကျွန်တော်တို့ သိပါတယ်။ ပွဲစဉ်တွေမှာ အနိုင်ရရှိဖို့ ကိုယ့်ရဲ့ခွန်အားတွေကို အရာရာတိုင်းမှာ အစွမ်းရှိသမျှ အသုံးချသွားရပါမယ်။ တနင်္ဂနွေနေ့ပွဲစဉ်ဆီ အာရုံတွေ စူးစိုက်ထားရပါလိမ့်မယ်”လို့ ပြောပါတယ်။