The network connection is lost.

Banner Image

ရီးရဲလ်မက်ဒရစ်မှာပဲ ကစားသမားဘဝကုန်ဆုံးလိုတယ်လို့ ထပ်လောင်းပြောကြားလိုက်တဲ့ ဗင်နီးစီးယက်စ်

ရီးရဲလ်မက်ဒရစ်တိုက်စစ်မှူးဗင်နီးစီးယက်စ်က ဇာဘီအလွန်ဆိုလက်အောက်မှာ သူ့ရဲ့အခန်းကဏ္ဍသစ်ကို လက်ခံရယူနေပြီး စပိန်ဘီလူးကြီးနဲ့အတူရှိနေမယ့် အနာဂတ်ရည်ရွယ်ချက်အကြောင်း ရှင်းပြသွားခဲ့ပါတယ်။ ဗင်နီးစီးယက်စ်က ရီးရဲလ်မက်ဒရစ်နည်းပြသစ်နဲ့အတူ ပျော်ရွှင်နေတယ်လို့ ထုတ်ဖော်ခဲ့ပြီး အသင်းနဲ့အတူ ကာလရှည်ဆက်ရှိနေလိုတဲ့ဆန္ဒကိုလည်း အတည်ပြုသွားပါတယ်။ ကလပ်ကမ္ဘာ့ဖလားအုပ်စုအဆင့်ပွဲစဉ်တွေမှာ ထူးခြားတဲ့စွမ်းဆောင်ရည်မျိုးပြသနိုင်ပြီးနောက် နည်းပြ၊ ဝန်ထမ်းတွေနဲ့အတူ သူလည်း ပျော်ရွှင်နေတယ်လို့ ဘရာဇီးတိုက်စစ်မှူးက ရှင်းပြပါတယ်။ ဒါ့အပြင် သူ့ရဲ့ကစားသမားဘဝတလျှောက်လုံး ရီးရဲလ်မက်ဒရစ်မှာပဲ ဆက်ရှိနေလိုတယ်လို့ ထပ်လောင်းပြောကြားခဲ့ပါတယ်။

အခုကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲကာလအတွင်း အမ်ဘာပေမကစားနိုင်ချိန် ဗင်နီးစီးယက်စ်ကို အသင်းရဲ့တိုက်စစ်ပိုင်းမှာ ပိုမိုလွတ်လွတ်လပ်လပ်ကစားစေဖို့ အလွန်ဆိုကိုယ်တိုင် တာဝန်ပေးခဲ့ပါတယ်။ ဘရာဇီးသားက သူရဲ့တာဝန်သစ်တွေကို လိုလိုလားလားလက်ခံခဲ့ပြီး အုပ်စုအဆင့်ပွဲစဉ်တွေမှာ သွင်းဂိုးတွေ၊ ဂိုးဖန်တီးပေးမှုတွေနဲ့အတူ ကူညီပေးခဲ့ပါတယ်။ အမ်ဘာပေပြန်ရောက်ရှိလာချိန်မှာလည်း အလွန်ဆိုက ပိုမိုလိုက်လျောညီထွေရှိတဲ့တိုက်စစ်ကစားဟန်နဲ့အတူ တိုက်စစ်မှူးနှစ်ဦးလုံးကို အသင်းမှာနေရာပေးသွားဖို့ စီစဉ်ထားပါတယ်။ ဗင်နီးစီးယက်စ်က ယမန်နှစ်ဘောလုံးရာသီမှာ ရီးရဲလ်မက်ဒရစ်အတွက် ပြိုင်ပွဲစုံ ၅၅ ပွဲပါဝင်ကစားခဲ့ပြီး ၂၂ ဂိုးသွင်းယူကာ ဂိုးဖန်တီးမှု ၁၉ ကြိမ် ပြုလုပ်ခဲ့ပါတယ်။

ဆဲလ်ဘတ်ကို ၃-၀ ဂိုးဖြင့် အနိုင်ယူခဲ့တဲ့ပွဲစဉ်အပြီး ဗင်နီးစီးယက်စ်က “ နှစ်ပေါင်းများစွာကြာ ရီးရဲလ်မက်ဒရစ်မှာ ဆက်ရှိနေနိုင်ဖို့ မျှော်လင့်ထားပါတယ်။ ဒီကလပ်အသင်းက ကျွန်တော့်ရဲ့ဘဝဆိုတာ ကျွန်တော် အမြဲတမ်းပြောခဲ့ဖူးပါတယ်။ လက်ရှိနည်းပြ၊ ဝန်ထမ်းတွေနဲ့အတူ ကျွန်တော်လည်း အရမ်းပျော်ရွှင်နေပါတယ်။ ဒီကလပ်အသင်းမှာ ဆက်ရှိနေနိုင်မယ်လို့ မျှော်လင့်မိပါတယ်”လို့ သတင်းထောက်တွေဆီ ပြောကြားခဲ့ပါတယ်။ စာချုပ်သစ်ချုပ်ဆိုမှာလားဆိုတဲ့ မေးခွန်းနဲ့ပတ်သက်လို့ သူက “ ဟုတ်ပါတယ်၊ ကျွန်တော့်မှာ ၂၀၂၇ ခုနှစ်အထိ သက်တမ်းရှိမယ့် နှစ်နှစ်စာချုပ်ရှိပါတယ်။ ကျွန်တော့်ရဲ့ကစားသမားဘဝတစ်ခုလုံး ဒီအသင်းမှာပဲ ဆက်ရှိနေပြီး အသင်းနဲ့အတူ ကောင်းမွန်တဲ့သမိုင်းမှတ်တမ်းတစ်ခု ရေးထိုးသွားချင်တယ်ဆိုတာ ကျွန်တော် အမြဲတမ်းပြောခဲ့ဖူးပါတယ်”လို့ တုံ့ပြန်ဖြေကြားခဲ့ပါတယ်။

ဘရာဇီးသားက လာမယ့်သီတင်းပတ်၊ ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲ ၁၆-သင်းရှုံးထွက်အဆင့်ပွဲစဉ်အဖြစ် ဂျူဗင်တပ်စ်နဲ့ရင်ဆိုင်ရချိန် ရီးရဲလ်မက်ဒရစ်အတွက် ပါဝင်ကစားပေးပါလိမ့်မယ်။ ကွင်းပြင်ပမှာတော့ ဗင်နီးစီးယက်စ်ရဲ့စာချုပ်သက်တမ်းတိုးမြှင့်ရေးကိစ္စကို နှစ်ဖက်ဆွေးနွေးမှုတွေ ဆက်လက်လုပ်ဆောင်နေပါတယ်။