
အသင်းဖော် အမ်ဘာပေရဲ့ခြေရာကို လိုက်နင်းခဲ့တဲ့ ဗင်နီဆီးယက်စ်
သတင်းတွေအရ ရီးရဲလ်စတား ဗင်နီဆီးယက်စ်ဟာ အသင်းဖော် အမ်ဘာပေနည်းတူ ကလပ်အသင်းတစ်သင်းကို ဝယ်ယူလိုက်တယ်လို့ သိရပါတယ်။ ဘရာဇီးသားက ပေါ်တူဂီလိဂ် ၂ ကလပ်အသင်းဖြစ်တဲ့ Alverca အသင်းကို ဝယ်ယူခဲ့တာဖြစ်ပါတယ်။ လာမယ့်ရက်အနည်းငယ်အတွင်းမှာ ပိုင်ရှင်အသစ်တွေကို ကြေညာမှာဖြစ်ပြီး လက်ရှိမှာတော့ စီအီးအို အော်နယ်လက်စ်ကာ အသင်းကို ၂၀၂၄ - ၂၅ ရာသီကုန်အထိ တာဝန်ယူသွားမယ်လို့ သိရပါတယ်။
“အယ်လ်ဗာကာအသင်းကို စပိန် နဲ့ ဘရာဇီးက ရင်းနှီးမြုပ်နှံသူတွေထံ ရောင်းချလိုက်ပါပြီ”လို့ အသင်းဘက်က ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။ ဘရာဇီးတောင်ပံကစားသမားဟာ ရီးရဲလ်အသင်းမှာ ကလပ်အသင်းပိုင်ဆိုင်တဲ့ဒုတိယမြောက်ကစားသမားဖြစ်လာခဲ့ပါတယ်။ ပြီးခဲ့တဲ့နွေတုန်းက ဘာပေတစ်ယောက် ပြင်သစ်ဒုတိယတန်းကလပ် ကိန်းအသင်းကို ပေါင် ၁၇ သန်းနဲ့ ဝယ်ယူခဲ့သေးတာဖြစ်ပါတယ်။
အသက် ၂၄ နှစ်သားဟာ လာမယ့်ဗုဒ္ဓဟူးနေ့ မန်စီးတီးနဲ့ကန်မယ့် ချန်ပီယံလိဂ်ဒုတိယအကျော့ပွဲမှာလည်း ရီးရဲလ်အသင်းအတွက် ပါဝင်လာမှာဖြစ်ပါတယ်။