The network connection is lost.

Banner Image

ချဲလ်ဆီးနဲ့ပွဲမှ ဘိုင်ယန်အသင်းသားတွေရဲ့စွမ်းဆောင်ရည်ကို အားရကျေနပ်မိကြောင်း ပြောကြားလာတဲ့ ကွန်ပနီ

ဘိုင်ယန်မြူးနစ်နည်းပြ ဗင်းဆင့်ကွန်ပနီက ကြာသပတေးနေ့နံနက်က ချဲလ်ဆီးကို ၃-၁ နဲ့ဂိုးပြတ်အနိုင်ရခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှ အသင်းကစားသမားတွေရဲ့စွမ်းဆောင်ရည်ကို အားရကျေနပ်မိကြောင်း ဖွင့်ဟပြောကြားလာခဲ့ပါတယ်။ ဘိုင်ယန်မြူးနစ်အနေနဲ့ ချန်ပီယံလိဂ်အဖွင့်ပွဲမှာ ချဲလ်ဆီးလိုအသင်းနဲ့ ထိပ်တိုက်တွေ့ဆုံခဲ့ပေမယ့် တိုက်စစ်မှူး ဟယ်ရီကိန်းရဲ့သွင်းဂိုး ၂ ဂိုးအပါအဝင် စုစုပေါင်း ၃ ဂိုးအထိသွင်းယူပြီး အိမ်ကွင်းမှာ နိုင်ပွဲစတင်ရရှိခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် ယခုနိုင်ပွဲဟာ ဘိုင်ယန်မြူးနစ်ဂိုးသမား မန်နူရယ်နူအာရဲ့ ပွဲ ၁၀၀ ပြည့်မြောက် ချန်ပီယံလိဂ်နိုင်ပွဲအဖြစ်လည်း မှတ်တမ်းဝင်ခဲ့ပါတယ်။

ပွဲအပြီးမှာ ကွန်ပနီက "ဒီလိုပွဲမျိုးမှာအနိုင်ရဖို့ စွမ်း‌ဆောင်ရည်က အမြင့်ဆုံးအဆင့်မှာရှိနေဖို့လိုပါတယ်။ အရမ်းခက်တဲ့ပွဲစဉ်ပါ။ ကွင်းထဲကအခြေအနေကို အပြင်ကနေတောင် ခံစားရပြီး စိတ်ထဲမှာ ဝမ်းသာမိပါတယ်။ အသင်းရဲ့ကစားသမားတွေက တာဝန်ကျေမှု ကိုပြသခဲ့ရုံမက နိုင်ပွဲနဲ့ထိုက်တန်တဲ့ စိတ်ဓာတ်မျိုးကိုပါ ပြသနိုင်ခဲ့ကြပါတယ်"

"ကျွန်တော်တို့ရဲ့ အရန်လူစာရင်းက အမြဲတမ်းပြောင်းလဲနေပါတယ်။ ရာသီကြိုမှာ တော့တင်ဟမ်နဲ့ကစားခဲ့ကတည်းက ဒီလိုစနစ်ကို အသုံးပြုခဲ့တာပါ။ လွယ်ကူတဲ့ ဆုံးဖြတ်ချက်တော့မဟုတ်ပါဘူး။ ကျွန်‌တော်တို့ အသင်းကောင်းတွေနဲ့ ရှေ့မှာရင်ဆိုင်ခဲ့ရပြီး ဒီနေ့မှာတော့ ချဲလ်ဆီးပေါ့။ သူတို့က ကလပ်ကမ္ဘာ့ဖလား ဆွတ်ခူးထားသူတွေပါ။ ဒါပေမယ့် ကျွန်တော်တို့ဘက်က ကျစ်လစ်မာကျောတဲ့ စွမ်းဆောင်ရည်ကို ပြသနိုင်ခဲ့ပါတယ်" လို့ပြောကြားခဲ့ပါတယ်။ 

နူအာရဲ့ ချန်ပီယံလိဂ် နိုင်ပွဲ ၁၀၀ ပြည့်နဲ့ပတ်သက်ပြီးတော့လည်း ဘယ်လ်ဂျီယံသားနည်းပြက "ချီးကျူးစရာပါ။ သူက အသင်းအတွက် ဥပမာကောင်းတစ်ခုပါပဲ။ အရမ်းလည်း နှိမ့်ချပြီးနေတတ်ပါတယ်။ လူငယ်တွေရဲ့စံပြကစားသမားတစ်ယောက်ပါ။ ကျွန်တော်ဒီကို နည်းပြအဖြစ် စရောက်လာတုန်းက လူငယ်ကစားသမားတွေရဲ့ စံပြက နူအာပါပဲ။ သူလုပ်တာမှန်သမျှကို သူတို့အားလုံးလိုက်လုပ်ကြပါတယ်" လို့ပြောကြားခဲ့ပါတယ်။

ယခုပွဲစဉ်မှာ ဘိုင်ယန်အတွက် ၂ ဂိုးအထိသွင်းယူပေးနိုင်ခဲ့တဲ့ ဟယ်ရီကိန်းဟာ ချန်ပီယံလိဂ်မှာ သွင်းဂိုးနဲ့ ဂိုးဖန်တီးမှုစုစုပေါင်း ၅၃ ကြိမ်အထိပြုလုပ်နိုင်ခဲ့ပြီဖြစ်လို့ သမိုင်းတစ်လျှောက် ချန်ပီယံလိဂ်ဂိုးပါဝင်ပတ်သက်မှုအများဆုံး အင်္ဂလိပ်လူမျိုးအဖြစ်မှတ်တမ်းဝင်ခဲ့ပါတယ်။ အသက်-၃၂ နှစ်အရွယ်အင်္ဂလန်အသင်းခေါင်းဆောင်ဟာ ပွဲပြီးကာနီးမှာ နီကိုလက်ဂျက်ဆန်နဲ့ လူစားလဲခံခဲ့ရပြီး ဂျက်ဆန်အနေနဲ့လည်း သူ့ရဲ့မိခင်ကလပ်နဲ့ ပြန်လည်ရင်ဆိုင်ခွင့်ရခဲ့ပါတယ်။

လာမယ့် စနေနေ့ ဘွန်ဒက်စ်လီဂါပွဲစဉ်မှာတော့ ဘိုင်ယန်မြူးနစ်ဟာ ဟော့ဖန်ဟိမ်းကို အဝေးကွင်းမှာ သွား‌ရောက်ရင်ဆိုင်ရမှာဖြစ်ပြီး နိုင်ပွဲဆက်လက်ရရှိသွားမလား စောင့်ကြည့်ရပါမယ်။