
ပရီးမီးယားလိဂ်ပြန်လာနိုင်ချေနဲ့ပတ်သက်ပြီး ဖွင့်ဟပြောကြားလာတဲ့ စပို့တင်းစတား
အာဆင်နယ်အသင်းက ပစ်မှတ်ထားနေတဲ့ စပို့တင်းတိုက်စစ်မှူး ယိုကရက်စ်ကတော့ ပရီးမီးယားလိဂ်ပြန်လာနိုင်ချေနဲ့ပတ်သက်ပြီး ဖွင့်ဟပြောကြားလိုက်ပါတယ်။ အခုနွေရာသီမှာ အာဆင်နယ် နဲ့ ယိုကရက်စ်တို့ကြားအပြောင်းအရွှေ့ဇာတ်လမ်းက သတင်းခေါင်းစဉ်အဖြစ် နေရာယူနေဆဲဖြစ်ပါတယ်။
အာဆင်နယ် နဲ့ စပို့တင်းတို့ကြား ပြောင်းရွှေ့ကြေးညှိနေတာအဆင်မပြေသေးပဲ ပေါ်တူဂီကလပ်ဘက်က ပေါင်သန်း ၇၀ လောက်တောင်းဆိုနေပါတယ်။ ယိုကရက်စ်ကတော့ အာဆင်နယ်ထံပြောင်းရွှေ့ခွင့်ရဖို့ တွန်းအားပေးနေပြီး စပို့တင်းအသင်းနဲ့လေ့ကျင့်ခန်းဆင်းဖို့ပါ ငြင်းဆန်ထားပါတယ်။ အသက် ၂၇ နှစ်သားက ပရီးမီးယားလိဂ်မှာ သက်သေပြချင်နေပြီး အင်တာဗျူးတစ်ခုမှာ သူ့အနေနဲ့ အင်္ဂလန်မှာကစားခွင့်ရခဲ့ပေမယ့် ထိပ်တန်းအရသာကို မခံစားရဖူးဘူးလို့ ပြောကြားလိုက်ပါတယ်။ ဘရိုက်တန်မှာကစားခဲ့ဖူးပေမယ့် အသင်းအတွက် ပွဲထွက်ခွင့်ဘယ်တုန်းကမှမရခဲ့ပဲ ကိုဗင်ထရီမှာ ၂ ရာသီကစားခဲ့ကာ ၁၁၀ ပွဲမှာ ၄၁ ဂိုးအထိသွင်းယူနိုင်ခဲ့ပါတယ်။
“ပေါ်တူဂီမြေကနေထွက်ခွာဖို့ဆိုတာက ဖြစ်လာနိုင်ချေရှိနေပါတယ်။ ဒါကဘောလုံးပါ။ ဘယ်သူမှမသိနိုင်ပါဘူး။ ကျွန်တော် အဲ့အကြောင်းမတွေးဖြစ်ပါဘူး။ ဘာဆက်ဖြစ်မလဲဆိုတာ ဆက်လက်စောင့်ကြည့်ရပါမယ်။ တကယ်လို့ တစ်စုံတစ်ခုဖြစ်လာခဲ့ရင် အဲ့တာဖြစ်လာတယ်လို့ယူဆရပါမယ်။ အရေးအကြီးဆုံးအရာက ကျွန်တော်တကယ်ကစားချင်တဲ့အသင်းဖြစ်ဖို့ပါ။
ကျွန်တော်ဂိုးသွင်းချင်တာ နဲ့ အောင်မြင်မှုရဖို့ပဲ တွေးဖြစ်ပါတယ်။ အဲ့တာက အရာအားလုံးကို ပြောင်းလဲနိုင်ပါတယ်။ ပရီးမီးယားလိဂ်မှာ နှစ်အတော်ကြာဖြတ်သန်းခဲ့ပေမယ့် တစ်ပွဲမှမကန်ခဲ့ရပါဘူး။ ဒါကြောင့် အခွင့်အရေးရလာခဲ့ရင် ကျွန်တော်အဲ့တာကို သက်သေပြချင်သလို အဲ့တာကလည်း အကောင်းဆုံးလက်စားချေမှုဖြစ်လာနိုင်ပါတယ်”လို့ ယိုကရက်စ်က ဖြေကြားခဲ့ပါတယ်။
ယိုကရက်စ်ကတော့ စပို့တင်းအသင်းနဲ့အချေအတင်ဖြစ်နေပြိး အင်္ဂလန်ကိုပြောင်းဖို့အတွက် အသင်းနဲ့မပူးပေါင်းဘူးလို့ ပြောကြားထားပြီးဖြစ်ပါတယ်။ ပြီးခဲ့တဲ့ရက်အနည်းငယ်တုန်းက ယူနိုက်တက်ထံကနေ ကမ်းလှမ်းမှုတွေနားစွင့်နေတယ်လို့ သတင်းတွေထွက်ပေါ်လာခဲ့သေးတာဖြစ်ပါတယ်။ ဒါပေမယ့်လည်း ကစားသမားကတော့ အာဆင်နယ်ကိုသာ ဦးစားပေးပြောင်းမှာဖြစ်ပြီး စပို့တင်း နဲ့ အာဆင်နယ်တို့ကြား ပြောင်းရွှေ့ကြေးသဘောတူညီမှုရတာနဲ့အလျင်အမြန်သွားရောက်ပူးပေါင်းမှာဖြစ်ပါတယ်။