
အေစီမီလန်ကို ပြောင်းရွှေ့ဖို့ ပျက်ပြားခဲ့ပြီးနောက် အနားယူဖို့ စဉ်းစားခဲ့ဖူးကြောင်း ပြောကြားလိုက်တဲ့ ဘွန်နီဖေ့စ်
အေစီမီလန်အသင်းကို ပြောင်းရွှေ့ဖို့ ပျက်ကွက်ခဲ့ပြီးနောက် ဒူးဒဏ်ရာကြောင့် ဘောလုံးကစားသမားဘဝကနေ အနားယူဖို့တောင် စဉ်းစားခဲ့တယ်လို့ ဗစ်တာ ဘွန်နီဖေ့စ်က ဝန်ခံခဲ့ပါတယ်။
ဘွန်နီဖေ့စ်ဟာ အေစီမီလန်ကို ပြောင်းရွှေ့ဖို့ ပျက်ပြားခဲ့ပြီးနောက် ဒူးဒဏ်ရာနဲ့ ပတ်သက်ပြီး ရင်ဖွင့်ပြောဆိုခဲ့ပါတယ်။ နိုင်ဂျီရီးယားတိုက်စစ်မှူးဟာ လေဗာကူဆင်ကနေ အေစီမီလန်ဆီ ယူရို ၅ သန်းနဲ့ အငှားစာချုပ်နဲ့ ပြောင်းရွှေ့ဖို့ ရှိနေခဲ့ကာ ယူရို ၂၄ သန်းနဲ့ အပြီးသတ်ဝယ်ယူခွင့်လည်း ပါဝင်ခဲ့ပေမဲ့ ဆန်စီရိုကွင်းမှာ ဆေးစစ်ချက် မအောင်မြင်ခဲ့တဲ့အတွက် အပြောင်းအရွှေ့က ပျက်ပြားခဲ့ပါတယ်။
အသက် ၂၄ နှစ်အရွယ် ကစားသမားဟာ ၂၀၂၃ ခုနှစ်မှာ ဘယ်လ်ဂျီယံကလပ် ယူနီယွန် ဆိန့် ဂီလိုဇီကနေ လေဗာကူဆင်ကို ရောက်ရှိလာခဲ့ပြီး ပွဲဦးထွက်ရာသီမှာပဲ အသင်းအတွက် ၃၄ ပွဲကစား၊ ၂၁ ဂိုးသွင်းပြီး ဘွန်ဒက်စ်လီဂါဖလား၊ ဂျာမန်ဖလားတို့ကို ရယူပေးခဲ့ပြီး ယူရိုပါလိဂ်မှာလည်း ဒုတိယဆု ရရှိအောင် ကူညီပေးခဲ့ပါတယ်။ ဒါပေမဲ့ ၂၀၁၈-၂၀၁၉ ဘောလုံးရာသီနဲ့ ၂၀၂၀-၂၀၂၁ ဘောလုံးရာသီမှာ ရရှိခဲ့တဲ့ ACL ဒူးဒဏ်ရာက သူ့အတွက် အမြဲတမ်း ပြဿနာဖြစ်နေခဲ့ပါတယ်။ ပြီးခဲ့တဲ့ရာသီကလည်း ကြံ့ခိုင်မှုပြဿနာတွေကြောင့် ၁၄ ပွဲ လွဲချော်ခဲ့ပါတယ်။ ဆေးစစ်ချက် မအောင်မြင်ခဲ့တဲ့နောက် ဘွန်နီဖေ့စ်ဟာ ဂျာမနီကို ပြန်သွားခဲ့ရပြီး အခုတော့ သူ့ရဲ့ ဒဏ်ရာတွေနဲ့ အေစီမီလန်အသင်းကို ပြောင်းရွှေ့ဖို့ ဘာကြောင့် ပျက်ပြားခဲ့လဲဆိုတာ ဖွင့်ဟပြောဆိုခဲ့ပါတယ်။
“ဒီအပြောင်းအရွှေ့ဟာ ကျွန်တော့်ရဲ့ အတိတ်က ဒဏ်ရာတွေကြောင့် မဖြစ်မြောက်ခဲ့ပါဘူး။ ကျွန်တော့်ရဲ့ ညာဘက်ဒူးက ၂ ခါ ဒဏ်ရာရခဲ့ပြီး ဒီပြဿနာက အချိန်အကြာကြီး ဖြစ်ပွားနေခဲ့ပါတယ်။ တစ်ချိန်မှာ ကျွန်တော်က လက်လျှော့လိုက်ပါတယ်။ တခြားသူတွေက ဘောလုံးကစားနေကြတုန်း ကျွန်တော်ကတော့ ပြန်ကစားနိုင်ဖို့ပဲ ကြိုးစားနေခဲ့ရပါတယ်။ ကျွန်တော့်ရဲ့ ဒုတိယမြောက် ဒဏ်ရာရပြီးနောက်မှာ ကျွန်တော့်အနေနဲ့ ဆက်ကစားချင်စိတ် မရှိတော့ပါဘူး။ အဲ့ဒီအချိန်မှာ ကျွန်တော့်ရဲ့ အမေလည်း ဆုံးပါးသွားခဲ့ပါတယ်” လို့ ဘွန်နီဖေ့စ်က ပြောခဲ့ပါတယ်။
လေဗာကူဆင်အသင်းရဲ့ အားကစားဒါရိုက်တာ ဆိုက်မွန် ရောဖ့်စ်ကလည်း မီလန်အသင်းမှာ ဘွန်နီဖေ့စ်ရဲ့ ဆေးစစ်ချက် မအောင်မြင်ခဲ့တဲ့အပေါ် BILD သို့ ပြောခဲ့ပါတယ်။
“သူ လေဗာကူဆင်ကို ပြန်လာခဲ့မယ်ဆိုရင် မီလန်အသင်းနဲ့ ကိစ္စက ပြီးသွားပါလိမ့်မယ်။ ဒါက လျှို့ဝှက်ချက်တော့ မဟုတ်ပါဘူး” လို့ သူက ပြောခဲ့ပါတယ်။
ဘိုဒိုဂလင့် တိုက်စစ်မှုးဟောင်း ဘွန်နီဖေ့စ်ဟာ အီတလီမှာ ဆေးစစ်ချက် ၄ ခါ ခံယူခဲ့တယ်လို့ သိရပါတယ်။ ဒါပေမဲ့ မီလန်အသင်းကတော့ ဒဏ်ရာဖြစ်ပွားမှုအပေါ် စိုးရိမ်မှုတွေကြောင့် စိတ်ဝင်စားမှုကို ရုပ်သိမ်းခဲ့ပါတယ်။ သတင်းတွေအရတော့ မီလန်အသင်းက စပို့တင်း လစ္စဘွန်းတိုက်စစ်မှူး ကွန်ရက်ဒ် ဟာဒါကို ယူရို ၂၄ သန်းနဲ့အပိုဆုကြေး ၃ သန်းနဲ့ ခေါ်ယူဖို့ သဘောတူညီမှု ရခဲ့တယ်လို့ သိရပါတယ်။ ဒါပေမဲ့ ဒီဒိန်းမတ်ကစားသမားဟာ ပြင်သစ်ကလပ် ရန်းအသင်းဆီ ပြောင်းရွှေ့နိုင်ဖွယ်လည်း ရှိနေပါတယ်။