ဒိန်းမတ်လက်ရွေးစင်အသင်းမှာ ပွဲဦးထွက်ခွင့်ရတော့မယ့် ဘိုဒိုဂလင့် တိုက်စစ်မှူး
ကြာသပတေးနေ့ညမှာ ကစားမယ့် မြောက်မက်ဆီဒိုးနီးယားနဲ့ အရေးကြီးတဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲစဉ်မှာ ဒိန်းမတ်အသင်းအတွက် ပွဲဦးထွက်ကစားဖို့ ရှိနေတဲ့ ဒိန်းမတ်လက်ရွေးစင် တိုက်စစ်မှူး ကက်စပါဟော့ဂ်က ဘုရားသခင်ကို ယုံကြည်ကိုးကွယ်လာတာဟာ သူဂိုးတွေ ပိုသွင်းလာနိုင်ရတဲ့ အဓိကအကြောင်းအရင်းပဲလို့ ဒိန်းမတ်မီဒီယာတွေကို ပြောကြားခဲ့ပါတယ်။ သူ့ရဲ့ ခြေစွမ်းကောင်းတွေကြောင့် ဘိုဒိုဂလင့်အသင်းဟာ ချန်ပီယံလိဂ် ၁၆ သင်းအဆင့်ကိုတောင် တက်လှမ်းနိုင်ခဲ့တာပါ။
အသက် ၂၅ နှစ်အရွယ် တိုက်စစ်မှူးဟာ လွန်ခဲ့တဲ့ နှစ်အနည်းငယ်အတွင်းမှာတင် အကျပ်အတည်းဖြစ်နေတဲ့ ဒိန်းမတ်ဒုတိယတန်းကလပ် AaB အသင်းမှာ အပိုလူတစ်ယောက်ဖြစ်ခဲ့ရာကနေ အခုအခါမှာတော့ ဘိုဒိုဂလင့်အသင်းအတွက် ဥရောပထိပ်သီးကလပ်တွေနဲ့ ချန်ပီယံလိဂ်ပွဲစဉ်တွေမှာ စိတ်ကြိုက်ဂိုးတွေ သွင်းယူနိုင်တဲ့အထိ သိသိသာသာ တိုးတက်လာခဲ့တာဖြစ်ပါတယ်။
ပြီးခဲ့တဲ့နှစ်အနည်းငယ်အတွင်း သူ့ရဲ့ကစားသမားဘဝ ဒီလောက်အထိ အံ့ဩစရာကောင်းအောင် ပြောင်းလဲတိုးတက်လာရတဲ့ အကြောင်းအရင်းဟာ ဘုရားသခင်ကို ရှာဖွေတွေ့ရှိခဲ့လို့ပဲလို့ ဟော့ဂ်က ဆိုပါတယ်။ "ကျွန်တော် ဘုရားသခင်ကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။ ဒါကြောင့်လည်း ဒီနေ့ ဒီနေရာမှာ ကျွန်တော် ထိုင်နေနိုင်တာပါ၊ ဒီအတွက် ဘုရားသခင်ကို တကယ်ပဲ ကျေးဇူးတင်ပါတယ်" လို့ ဂိုးသွင်းခြေစွမ်းတွေ သိသိသာသာ ကောင်းမွန်လာရတဲ့ အကြောင်းအရင်းကို မေးမြန်းရာမှာ ကက်စပါဟော့ဂ်က ဖြေကြားခဲ့ပါတယ်။
သူဟာ အရင်တုန်းက ကွင်းထဲကခြေစွမ်းထက် တခြားအရာတွေကိုပဲ အာရုံစိုက်တတ်သူလို့ အဝေဖန်ခံခဲ့ရတဲ့ အတိတ်ကအမှားတွေဆီကနေ သင်ခန်းစာယူနိုင်ခဲ့တယ်လို့လည်း ဆက်လက်ရှင်းပြခဲ့ပါတယ်။ "ဒါက ကိုယ့်ကိုယ်ကိုယ် ပြန်လည်ဆန်းစစ်မိလာတာနဲ့ အသက်ကြီးလာတာကြောင့်လည်း ပါပါတယ်။ အရင်ကဖြစ်ခဲ့တဲ့ အမှားတွေအတွက် ကိုယ့်မှာပဲ တာဝန်ရှိတယ်ဆိုတာ သိလာပြီး သင်ခန်းစာယူနိုင်ခဲ့တာပါ" လို့ ဟော့ဂ်က ပြောပါတယ်။
၂၀၂၂ ခုနှစ် ဩဂုတ်လတုန်းက ရခဲ့တဲ့ ခေါင်းဒဏ်ရာဟာ သူ့ရဲ့ဘဝခရီးလမ်းသစ်အတွက် အစပျိုးပေးခဲ့တာလို့ ဘိုဒိုဂလင့် တိုက်စစ်မှူးက ဆိုပါတယ်။ "ဖြစ်ရပ်အချို့ ရှိခဲ့ပါတယ်။ ခေါင်းကို ထိခိုက်ခဲ့တဲ့အချိန်မှာ အချို့သောအရာတွေကို နားလည်လာခဲ့သလို၊ အဲဒီနောက်ပိုင်းမှာလည်း ဒဏ်ရာအသေးအမွှားလေးတွေနဲ့ မလိုအပ်တဲ့ ကိစ္စတွေ ကြုံလာရတဲ့အခါမှာ 'ဒါတွေက ငါ့အမှား မဖြစ်နိုင်ပါဘူး' လို့ အစက တွေးခဲ့မိပေမယ့် တကယ်တမ်းတော့ ကိုယ့်အမှားပဲ ဖြစ်နေတာပါ။ အဲဒါကြောင့် ကိုယ့်ကိုယ်ကိုယ် ပြန်ဆန်းစစ်ခဲ့ရပါတယ်" လို့ ဆိုပါတယ်။
၂၀၂၄ ခုနှစ် အစောပိုင်းမှာ ဘိုဒိုဂလင့်အသင်းကို ရောက်ရှိလာပြီးနောက်မှာတော့ ဟော့ဂ်ဟာ ခရစ်ယာန်ဘာသာအပေါ် မျက်စိပွင့်လင်းလာခဲ့ပြီး ထူးခြားတဲ့ ပြောင်းလဲမှုကို ခံစားခဲ့ရပါတယ်။ အဲဒီတုန်းက အသင်းဖော်ဖြစ်သူ အဲလ်ဘတ်ဂရွန်ဘတ်နဲ့အတူ ဘုရားတရားအကြောင်းကို ပိုမိုသိရှိလာခဲ့တာပါ။ "ကျွန်တော် စိတ်ချမ်းသာမှု (Inner peace) ကို ရရှိခဲ့ပါတယ်။ သမ္မာကျမ်းစာအုပ်ကို ဝယ်ပြီး အရာရာကို နားလည်နိုင်ဖို့ ဖတ်ရှုရာကနေ စတင်ခဲ့တာပါ" လို့ သူက ပြောပါတယ်။
"ကျွန်တော့်အတွက်ကတော့ လူကောင်းတစ်ယောက်မှာ ရှိသင့်တဲ့ အရည်အချင်းနဲ့ တန်ဖိုးထားမှုတွေအတိုင်း နေထိုင်ဖို့ပါပဲ။ လူတိုင်းကို ဒီလိုလုပ်ရမယ်လို့ တိုက်တွန်းနေတာမျိုး မဟုတ်ပေမယ့် ကျွန်တော်ကတော့ ဒီလမ်းကို ရွေးချယ်ခဲ့တာပါ။ ကျွန်တော်နဲ့ အဲလ်ဘတ်နဲ့ အတူနေတုန်းက ကျမ်းစာတွေဖတ်၊ ဆုတောင်းတာတွေ လုပ်ဖြစ်ခဲ့ကြတယ်" လို့ သူက ဆိုပြီး ခရစ်ယာန်ဘာသာဟာ သူ့ကို လူတစ်ယောက်အနေနဲ့ ပြောင်းလဲပေးခဲ့တယ်လို့ ဖွင့်ဟခဲ့ပါတယ်။
"၁၀၀ ရာခိုင်နှုန်း ပြောင်းလဲသွားပါတယ်။ ဒါပေမဲ့ ကျွန်တော်ဟာ အမြဲပျော်ပျော်နေတတ်တဲ့သူ ဖြစ်နေတုန်းပါပဲ၊ အပျော်အပါးလည်း မကင်းပါဘူး။ ဒါပေမဲ့ ဘယ်အချိန်မှာ အလေးအနက်ထားပြီး ကြိုးစားရမလဲ၊ ဘယ်အချိန်မှာတော့ လျှော့ချရမလဲဆိုတာကို ပိုပြီး သိလာတာပါ" လို့ ဟော့ဂ်က ဖြေကြားခဲ့ပါတယ်။
ကြာသပတေးနေ့ညမှာ ကိုပင်ဟေဂင်မြို့က Parken အားကစားကွင်းမှာ ကစားမယ့် မြောက်မက်ဆီဒိုးနီးယားနဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲ ပလေးအော့ဖ် ဆီမီးဖိုင်နယ်ပွဲစဉ်မှာ ဟော့ဂ်ဟာ ဒိန်းမတ်လက်ရွေးစင်အသင်းအတွက် ပွဲဦးထွက် ကစားခွင့်ရရှိဖို့ အခွင့်အရေးများနေပါတယ်။