
ဖလာမင်ဂို ယူ-၂၀ အသင်းကို ၅-၁ နဲ့ဂိုးပြတ်အရေးနိမ့်ပြီးနောက် ဝေဖန်မှုတွေနဲ့ ကြုံတွေ့နေရတဲ့ တန်ဟက်
လေဗာကူဆင်နည်းပြသစ် အဲရစ်တန်ဟက်ဟာ အသင်းကိုစတင်ကိုင်တွယ်ခဲ့တဲ့ ပထမဆုံး ခြေစမ်းပွဲမှာတင် ဘရာဇီးလူငယ်ကလပ် ဖလာမင်ဂို ယူ-၂၀ ကို ၅-၁ နဲ့ဂိုးပြတ်ရှုံးနိမ့်ခဲ့တာကြောင့် ဆိုရှယ်မီဒီယာမှတစ်ဆင့် ပရိသတ်ဝေဖန်မှုတွေကို ပြင်းပြင်းထန်ထန်ကြုံတွေ့နေရပါတယ်။
မန်ချက်စတာယူနိုက်တက်နည်းပြဟောင်းဟာ ယခုနွေရာသီမှာပဲ လေဗာကူဆင်ကို စတင်ကိုင်တွယ်နေတာဖြစ်ပြီး လာမယ့် ၂၀၂၅-၂၆ ရာသီမှာ အသင်းအတွက် အောင်မြင်မှုတွေရယူဖို့ မျှော်လင့်ထားပေမယ့် ပွဲဦးထွက်မှာပဲ အရှက်တကွဲရှုံးပွဲကြုံတွေ့ခဲ့ရတာဖြစ်ပါတယ်။ ယခုပွဲစဉ်မှာ လေဗာကူဆင်ဟာ အဓိက ကြယ်ပွင့်ကစားသမားတွေဖြစ်တဲ့ အာသာ၊ ဂျိုနက်စ်ဟော့ဖ်မန်းနဲ့ ဗစ်တာဘိုနီဖေ့စ်တို့ကို ထည့်သွင်းအသုံးပြုခဲ့ပေမယ့် သွင်းဂိုးရရှိဖို့ရုန်းကန်ခဲ့ရပြီး အာသာအနေနဲ့လည်း ကိုယ့်ဂိုးကိုယ်ပါ ပြန်လည်သွင်းယူမိခဲ့ပါတယ်။
ပွဲအပြီးမှာတော့ ဆိုရှယ်မီဒီယာမှတစ်ဆင့် ပရိသတ်တွေက “တန်ဟက်ကတော့ အကြိတ်ခံလိုက်ရပြီ။ ဒါပေမယ့် ဒီပွဲကြောင့် ပြုံးမိပါတယ်” “တန်ဟက်ရဲ့ဦးဆောင်မှုနဲ့ လေဗာကူဆင်ဟာ နောက်ရာသီ အမှတ်ပေးဇယားရဲ့ အလယ်မှာပဲနေရလိမ့်မယ်” “တန်ဟက်အတွက် ယူနိုက်တက်ကတော့ ဂုဏ်ယူနေမှာပါ” “ယူ-၂၀ အသင်းလေးကို တန်ဟက်အနေနဲ့ ဘယ်လိုတောင်ရှုံးခဲ့တာလဲ” စသဖြင့် ဝေဖန်ခဲ့ကြတာဖြစ်ပါတယ်။
ယခုနွေရာသီအတွင်း လေဗာကူဆင်ဟာ အသင်းရဲ့အဓိကတိုက်စစ်ကစားသမား ဖလော်ရီယန်ဝစ်ဇ်ကို ရောင်းချခဲ့သလို၊ ဂျရယ်မီဖရင်ပေါင်၊ ဂျိုနသန်တာတို့ကိုလည်း ဆက်လက်ရောင်းချဖို့ရှိတာကြောင့် အင်အားနည်းသွားဖို့ရှိနေပါတယ်။ ဒါကြောင့် လာမယ့်ရာသီမှာ တန်ဟက်အနေနဲ့ အသင်းကို ပြန်လည်တည်ဆောက်သွားဖို့ကြိုးစားသွားရမှာလည်းဖြစ်ပါတယ်။
ယခုရလဒ်ကြောင့် တန်ဟက်အနေနဲ့ ဖြေရှင်းချက်ပေးဖို့လိုအပ်နေမှာဖြစ်ပြီး ပရိသတ်တွေအကြား မေးခွန်းထုတ်မှုတွေနဲ့လည်း တွေ့ကြုံသွားရဖွယ်ရှိပါတယ်။ လာမယ့်ဩဂုတ်လ ၂၃ ရက်နေ့မှာတော့ လေဗာကူဆင်ဟာ ဘွန်ဒက်စ်လီဂါအဖွင့်ပွဲစဉ်အဖြစ် ဟော့ဖန်ဟိမ်းနဲ့ယှဉ်ပြိုင်သွားရမှာဖြစ်ပြီး အဆိုပါပွဲစဉ်မတိုင်မီ တန်ဟက်အနေနဲ့ အသင်းကိုအဆင်သင့်ဖြစ်အောင် ပြင်ဆင်သွားရမှာဖြစ်ပါတယ်။