The network connection is lost.

Banner Image

သရေ ရလဒ်အပေါ် စိတ်ပျက်နေပြီး သြစတြီးယားနဲ့ပွဲစဉ်က ခက်ခဲလိမ့်မယ်လို့ သုံးသပ်လိုက်တဲ့ ဗန်ဒိုက်

ယူရို-၂၀၂၄ အုပ်စုပွဲစဉ်အဖြစ် ပြင်သစ်အသင်းနဲ့ ဂိုးမရှိ သရေကျပြီးနောက် နယ်သာလန်ကြယ်ပွင့် ဗန်ဒိုက် ပွဲပြီးသတင်းစာရှင်းလင်းပွဲဆီ တက်ရောက်လာခဲ့ပါတယ်။

ဗန်ဒိုက်က “ကျွန်တော် စိတ်ပျက်မိခဲ့ပါတယ်။ ဒါပေမယ့် ဒီနေ့မှာ အသင်းကစားသမားတွေအားလုံး အရာရာတိုင်းကို ပေးဆပ်ပြီး ကစားခဲ့တာနဲ့ပတ်သက်လို့ ကျွန်တော် ဂုဏ်ယူမိပါတယ်။ အထူးသဖြင့် အသင်းရဲ့ခံစစ်ကစားပုံနဲ့ Clean Sheet တစ်ခုရရှိဖို့ ကြိုးစားခဲ့ပုံတွေမှာ ကျွန်တော် အတော်လေး အားရမိပါတယ်။ သူတို့မှာရှိနေတဲ့ စွမ်းဆောင်ရည်တွေနဲ့အတူ ပြိုင်ဘက်အတွက် အန္တရာယ်ရှိစေမယ့် အခိုက်အတန့်တွေကို ဖန်တီးနိုင်ပါတယ်။ ဒါပေမယ့် ခံစစ်ကစားပုံကိုထိန်းထားနိုင်ရေး လိုက်လျောညီထွေမှုရှိအောင် လုပ်သွားဖို့တော့ လိုအပ်နေပါသေးတယ်”

“သြစတြီးယားနဲ့ အုပ်စုအပိတ်ပွဲစဉ်က အကြောင်းပြချက်မျိုးစုံကြောင့် ခက်ခဲမှုရှိလိမ့်မယ်ဆိုတာ ကျွန်တော်တို့အားလုံး သိထားကြပါတယ်။ ပြိုင်ဆိုင်မှုကလည်း အမြင့်ဆုံးအဆင့်အထိ ပြင်းထန်နေပါလိမ့်မယ်။ ဒါကြောင့် အခုအချိန်မှာ ခွန်အားတွေ ပြန်လည်ဖြည့်တင်းပြီး ပွဲစဉ်နဲ့ပတ်သက်လို့ အနုစိတ်လေ့လာသွားဖို့နဲ့ ပြိုင်ဘက်အပေါ် ဘယ်အပိုင်းတွေမှာ ထိုးနှက်သွားနိုင်မလဲဆိုတာ ကြည့်ရှုသွားဖို့ပဲ လိုအပ်ပါတော့တယ်”လို့ ဆိုပါတယ်။

ဗန်ဒိုက်ရဲ့အသင်းက အုပ်စုအဖွင့်ပွဲစဉ်နှစ်ခုမှ လေးမှတ်အထိစုဆောင်းထားနိုင်လို့ ရှုံးထွက်အဆင့်တက်ရောက်နိုင်ရန် မျှော်လင့်ချက်ရှိနေဆဲဖြစ်ပါတယ်။