The network connection is lost.

Banner Image

အန်တိုနီကို လာမယ့်နွေရာသီမှာ ရောင်းချဖို့ပြင်ဆင်နေတဲ့ ယူနိုက်တက်

မန်ချက်စတာယူနိုက်တက်ဟာ အသင်းရဲ့တောင်ပံကစားသမား အန်တိုနီကိုလာမယ့် နွေရာသီအပြောင်းအရွှေ့မှာပဲ ရောင်းချဖို့ပြင်ဆင်နေပြီး ကမ်းလှမ်းမှုတွေကို လက်ခံစဉ်းစားသွားမယ်လို့သိရပါတယ်။
 
တောင်ပံကစားသမားဟာ အေဂျက်စ်မှာ တောက်ပတဲ့ ခြေစွမ်းတွေပြသနိုင်ခဲ့တာကြောင့် ယူနိုက်တက်ရဲ့ ပစ်မှတ်ထားမှုကိုခံခဲ့ရပြီး ၂၀၂၂ ခုနှစ်နွေရာသီမှာ အိုးလ်ထရက်ဖို့ဒ်သို့ ပေါင် ၈၆ သန်းနဲ့ရောက်ရှိလာခဲ့ပါတယ်။ ယူနိုက်တက်သို့ရောက်ရှိပြီး ပထမရာသီမှာ ခြေစွမ်းအနည်းငယ်ပြသနိုင်ခဲ့ပေမယ့် လက်ရှိရာသီမှာတော့ ပုံမှန်ပွဲထွက်ခွင့်ရဖို့ပင် ရုန်းကန်နေရတာဖြစ်ပါတယ်။
 
ယခုရာသီ ပါဝင်ကစားထားတဲ့ ပရီးမီးယားလိဂ် ပွဲ ၂၀ မှာ အန်တိုနီဟာ ဂိုးသွင်းယူနိုင်ခြင်းမရှိရုံသာမက ဂိုးဖန်တီးမှုပင်ပြုလုပ်နိုင်ခြင်းမရှိတာကြောင့် ယခုအခါမှာ ပရီးမီးယားလိဂ်ရဲ့ အဆိုးဝါးဆုံးခေါ်ယူမှုတွေထဲက တစ်ခုအဖြစ် သတ်မှတ်ခံထားရပါတယ်။ ဒါကြောင့် ယခုအခါမှာတော့ ယူနိုက်တက်အနေနဲ့ အားကိုးလို့မရတဲ့ ဘရာဇီးလ်သားကို လက်လွှတ်ဖို့ပြင်ဆင်နေပြီဖြစ်ပါတယ်။
 
အသင်းရဲ့ လေးပုံတစ်ပုံကို ပိုင်ဆိုင်ခွင့်ရခဲ့တဲ့ ဂျင်မ်ရက်ကလစ်ဖ်က အသင်းရဲ့ဘောလုံးလုပ်ငန်းတွေကို ဝင်ရောက်ဦးဆောင်လာတာကြောင့် အန်တိုနီကိုရောင်းချမယ့်ဆုံးဖြတ်ချက်မှာ ရက်ကလစ်ဖ်ရဲ့ လွှမ်းမိုးမှုတွေလည်း ပါဝင်နေတယ်လို့သိရပါတယ်။ မကြာသေးမီက ယူနိုက်တက်ဟာ ဗြိတိန်ဘောလုံးသမိုင်းတစ်လျှောက် ဈေးအကြီးဆုံးသော အသင်းအဖြစ် မှတ်တမ်းဝင်ခဲ့ပေမယ့် အထင်ကြီးလောက်စရာ ပုံစံမျိုးမရှိတာကြောင့် ရက်ကလစ်ဖ်အနေနဲ့ အသင်းရဲ့ ဖွဲ့စည်းပုံကို စိစစ်ဖို့ကြိုးစားနေပုံပေါ်ပါတယ်။
 
သတင်းတွေအရ ယူနိုက်တက်ဟာ အန်တိုနီကို ခေါ်ယူစဉ်တုန်းက သုံးစွဲခဲ့တဲ့ ပေါင် ၈၆ သန်းရဲ့ ထက်ဝက်ကျော်လောက်ကို အဆုံးရှုံးခံပြီး ကစားသမားကို ရှင်းထုတ်သွားဖို့ရှိနေတာဖြစ်ပါတယ်။ မကြာသေးမီရက်သတ္တပတ်တွေအတွင်း အန်တိုနီဟာ ယူနိုက်တက်ဟာ အတော်လေးရုန်းကန်နေရတဲ့ အခြေအနေမျိုးရှိခဲ့ပြီး တန်ဟက်ကလည်း အန်တိုနီကို နေရာမပေးလိုကြောင်း ထင်ရှားနေပါတယ်။
 
တောင်ပံကစားသမားဟာ ယူနိုက်တက်ရဲ့ နောက်ဆုံး ၈ ပွဲမှာ ၁ ပွဲသာပွဲထွက်ပါဝင်ခဲ့ရပြီး ပြီးခဲ့တဲ့ ဖူလ်ဟမ်နဲ့ပွဲစဉ်မှာလည်း တန်ဟက်က အန်တိုနီအစား လူငယ်ကစားသမားတွေဖြစ်တဲ့ အိုမာရီဖော်ဆန်နဲ့ အာမက်ဒီယာလိုတို့ကိုသာ ဦးစားပေးရွေးချယ်ခဲ့တာဖြစ်ပါတယ်။ ယူနိုက်တက်အတွက် ပွဲ ၇၀ ကစားပြီး ၉ ဂိုးသာ သွင်းယူထားနိုင်တဲ့ မှတ်တမ်းဆိုးကြောင့် အန်တိုနီအနေနဲ့ လာမယ့်နွေရာသီမှာပဲ အိုးလ်ထရက်ဖို့ဒ်ကနေ အပြီးသတ်ထွက်ခွာရဖွယ်ရှိနေပါတယ်။
 
ပြီးခဲ့တဲ့ ဇန်နဝါရီလက ကစားသမားကို ဆော်ဒီကလပ်တွေက ချိတ်ဆက်မှုတွေပြုလုပ်ခဲ့တာကြောင့် ဘရာဇီးလ်သားအနေနဲ့ ယူနိုက်တက်ကနေ ထွက်ခွာမယ်ဆိုပါက အာရှမြေကို ခြေချလာဖွယ်ရှိနေပါတယ်။