The network connection is lost.

Banner Image

ယူရိုပွဲဦးထွက်မှာ ခြေစွမ်းပြခဲ့တဲ့ ယာမယ်ကို ချီးကျူးပြောဆိုလာတဲ့ စပိန်နည်းပြ

စပိန်အသင်းနည်းပြ လူးဝစ်ဒီလာဖူရန်တီက ခရိုအေးရှားနဲ့ယှဉ်ပြိုင်ခဲ့တဲ့ ယူရိုအုပ်စုအဆင့် အဖွင့်ပွဲစဉ်မှာ ခြေစွမ်းပြသနိုင်ခဲ့တဲ့ အသင်းရဲ့လူငယ်တောင်ပံကစားသမားလေး လာမိုင်းယာမယ်ကို ချီးကျူးပြောဆိုမှုတွေပြုလုပ်ခဲ့ပြီး ဆယ်ကျော်သက်ကစားသမားဟာ အနာဂတ်မှာထွန်းတောက်လာမယ့် ကြယ်တစ်ပွင့်ဖြစ်တယ်လို့ ထောက်ခံပြောကြားလာခဲ့ပါတယ်။ 

ယာမယ်ဟာ အသက်-၁၆ နှစ်သာရှိသေးတာကြောင့် ယူရို ၂၀၂၄ ပြိုင်ပွဲမှာ အသက်အငယ်ဆုံးကစားသမားဖြစ်ပေမယ့် ယမန်နေ့ညက ခရိုအေးရှားနဲ့ပွဲစဉ်မှာတော့ ခြေစွမ်းပြသနိုင်ခဲ့ပြီး အသင်းဖော် ကာဗာဂျယ်အတွက် ဂိုးဖန်တီးမှုပြုလုပ်နိုင်ခဲ့တဲ့အပြင် ဂိုးသွင်းနိုင်လုနီးပါးအထိပါ စွမ်းဆောင်ရည်ကောင်းပြသနိုင်ခဲ့တာဖြစ်ပါတယ်။ 

ပွဲအပြီးမှာတော့ နည်းပြဖူရန်တီက “သူက လူတိုင်းကို အထင်ကြီးစေပြီး ခြေစွမ်းကလည်း တဖြည်းဖြည်း ထက်မြက်လာပါတယ်။ နေ့တိုင်းတိုးတက်နေတာကြောင့် အချိန်ကြာလာတာနဲ့အမျှ အရမ်းကောင်းတဲ့ကစားသမားတစ်ယောက်ဖြစ်လာမှာပါ” လို့ပြောကြားခဲ့ပါတယ်။ 

အသင်းအတွက် ဒုတိယဦးဆောင်ဂိုးသွင်းယူခဲ့ပြီး ပွဲစဉ်ရဲ့အကောင်းဆုံးကစားသမားဆုကို ချီးမြှင့်ခံခဲ့ရတဲ့ ဖာဘီယန်ရူရစ်ဇ်ကိုလည်း ဖူရန်တီက “သူ့ရဲ့ခြေစွမ်းကတော့ ထိပ်တန်းအဆင့်ပါပဲ။ သူ့ဆီကနေ နေ့စဉ်မြင်တွေ့နေရတာက အံ့ဩစရာတွေပါ။ သူ့ကိုယ်ပိုင် နည်းစနစ်တွေကလည်း တကယ်ထိရောက်ပါတယ်။ အရည်အသွေးက လက်ဖျားခါလောက်ပြီး တကယ်ကိုစိတ်ကူးစိတ်သန်းကောင်းတဲ့ကစားသမားပါ” လို့ချီးကျူးပြောဆိုခဲ့ပါတယ်။ 

မိုရာတာရဲ့အဖွင့်ဂိုးပြီး ၃ မိနစ်အကြာမှာပဲ အသင်းအတွက် ဒုတိယဂိုးကို တစ်ကိုယ်တော်အစွမ်းနဲ့လှလှပပကန်သွင်းယူခဲ့တဲ့ ဖာဘီယန်က “အခုလို နိုင်ပွဲနဲ့စတင်နိုင်ဖို့က တကယ်ကိုအရေးကြီးပါတယ်။ ကျွန်တော်တို့က ကြံ့ခိုင်မှုပြည့်ဝပြီး တကယ်ကောင်းတဲ့အသင်းတစ်သင်းနဲ့ရင်ဆိုင်ခဲ့ရတာပါ။ ကျွန်တော်တို့အသင်းက ဒီပြိုင်ပွဲမှာ ဗိုလ်စွဲဖို့ရေးပန်းအစားဆုံး ဟုတ်မဟုတ်မသိပေမယ့် ဗိုလ်လုပွဲအထိရောက်ဖို့ အဆုံးထိကြိုးစားသွားပါမယ်” လို့ပြောကြားခဲ့ပါတယ်။