၂၀၂၆ အထိ တန်ဟက်ကို စာချုပ်သက်တမ်းတိုးလိုက်တဲ့ ယူနိုက်တက်
ယူနိုက်တက်တာဝန်ရှိသူတွေကတော့ လက်ရှိနည်းပြ တန်ဟက်ကို ၂၀၂၆ အထိ စာချုပ်သက်တမ်းတိုးလိုက်ပါတယ်။
ယခင်တုန်းက ယူနိုက်တက်အနေနဲ့ တန်ဟက်နေရာအတွက် နည်းပြသစ်ရှာဖွေနေတယ်လို့ သတင်းတွေထွက်ခဲ့သေးတာဖြစ်ပါတယ်။ ဒါပေမယ့် အခုချိန်မှာတော့ စာချုပ်သက်တမ်းတိုးလိုက်ပြီး အဆိုပါသတင်းတွေကို အဆုံးသတ်ကာ တန်ဟက်အနေနဲ့ လုပ်ခလစာတော့တိုးရမှာမဟုတ်ပဲ ယခင်တုန်းကအတိုင်းပဲရရှိမှာဖြစ်ပါတယ်။
အခြားတစ်ဖက်မှာလည်း “ယူနိုက်တက်ဘက်က တန်ဟက်အတွက် နည်းပြအဖွဲ့ဝင်ရှာဖွေပေးနေပြီး နစ္စတယ်ရွိုင်းကို ချိတ်ဆက်နေပါတယ်။ အသင်းမှာ ဆက်နေခွင့်ရလို့ ကျွန်တော် အရမ်းကျေနပ်မိပါတယ်။ ပြီးခဲ့တဲ့ ၂ နှစ်ကိုပြန်ကြည့်လိုက်မယ်ဆိုရင် ဆုဖလား ၂ လုံးတော့ရယူနိုင်ခဲ့ပါတယ်။ အခြားတိုးတက်လာတဲ့ ဥပမာတွေလည်းရှိနေပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ ရှင်းလင်းရမှာက လိုချင်တဲ့ အဆင့်မျိုးရောက်ဖို့ အလုပ်ကြိုးစားဖို့ လိုအပ်နေတာတွေ ရှိနေသေးပါတယ်။ ဆိုလိုတာက အင်္ဂလိပ်ဘောလုံးလောကနဲ့ ဥရောပချန်ပီယံဆုတွေကို စိန်ခေါ်နိုင်ဖို့ပါ။ အသင်းနဲ့ဆွေးနွေးမှုမှာလည်း ကျွန်တော်တို့လိုချင်တဲ့ ပစ်မှတ်တွေကိုရောက်ဖို့ ပြီးပြည့်စုံတဲ့စုစည်းမှုလည်း ရှိထားပါပြီ။ ကျွန်တော်တို့ အဲ့ခရီးကို အတူတူသန်မာစွာနဲ့ ချီတက်မှာပါ”လို့ တန်ဟက်က ပြောကြားခဲ့ပါတယ်။
“ပြီးခဲ့တဲ့ ၂ ရာသီတုန်းက ကျွန်တော်တို့ ဆုဖလား ၂ လုံးရခဲ့ပါတယ်။ အဆိုပါရလဒ်က တန်ဟက်ကိုဥရောပရဲ့အောင်မြင်တဲ့ နည်းပြတွေထဲက တစ်ယောက်အဖြစ် မှတ်တမ်းဝင်စေပါတယ်။ ပြီးခဲ့တဲ့ရာသီကိုပြန်ကြည့်ရင်လည်း အသင်းကနေရာတော်တော်များများမှာ တိုးတက်လာခဲ့ပါတယ်။ တန်ဟက်အနေနဲ့ ကောင်းမွန်တဲ့လက်တွဲဖော်နဲ့အတူတူအလုပ်လုပ်ခွင့်ရမယ်ဆိုရင် ပိုကောင်းလာနိုင်တယ်ဆိုတာ ရှင်းလင်းနေပါတယ်။ အသင်းမှာ ဆုဖလားစိန်ခေါ်နိုင်တဲ့ အစုအဖွဲ့ရှိနေပြီးဖြစ်သလို ကျွန်တော်တို့ တည်ငြိမ်မှုပဲ လိုအပ်တော့တာပါ။ ကျွန်တော် တစ်ဦးနဲ့တစ်ဦးလက်ချင်းချိတ်ဆက်ပြီး အောင်မြင်မှုကိုအတူတူရယူနိုင်ဖို့ လုပ်ဆောင်ရပါမယ်”လို့ ဒန်အက်ရှ်ဝေါ့တ်က ပြောကြားခဲ့ပါတယ်။
ပြီးခဲ့တဲ့ရာသီတုန်းက ရလဒ်တွေကြောင့် ယူနိုက်တက်ဟာ တန်ဟက်နေရာမှာ နည်းပြသစ်နဲ့အစားထိုးဖို့ ရှာဖွေမှုတွေပြုလုပ်ခဲ့သေးတာဖြစ်ပါတယ်။ ယူနိုက်တက်တာဝန်ရှိသူတွေဟာ တန်ဟက်ကို ဆက်မထိန်းထားခင် အစ်ဝှစ်တောင်း နည်းပြ မက်ကန်နာ၊ ပိုချက်တီနိုနဲ့ ဖရန့်ခ်တို့ကိုချိတ်ဆက်ခဲ့သေးတာဖြစ်ပါတယ်။ ဒါ့အပြင် ဘိုင်ယန်ကနေထွက်ခွာလာတဲ့ တူချယ်နဲ့လည်း ဆွေးနွေးခဲ့သေးတာဖြစ်ပြီး အဆုံးသတ်မှာမှ တန်ဟက်ကို ဆက်ထိန်းထားခဲ့တာဖြစ်ပါတယ်။
တန်ဟက်ရဲ့ယူနိုက်တက်ဟာ ဇူလိုင်လ ၁၅ ရက်နေ့ နော်ဝေမှာ ရိုဆန်ဘာ့ဂျ်အသင်းနဲ့ခြေစမ်းပွဲ ကစားမှာဖြစ်ပြီး အဲ့နောက် အမေရိကမြေကိုမသွားခင် ရိန်းဂျားစ်နဲ့ကစားမှာဖြစ်ပါတယ်။ အမေရိကမြေမှာတော့ ယူနိုက်တက်ဟာ အာဆင်နယ်၊ ဘက်တစ်၊ လီဗာပူးတို့နဲ့ခြေစမ်းပွဲ ကစားမှာဖြစ်ပြီး ပရီးမီးယားလိဂ်မစခင် ကွန်မြူနတီဒိုင်းပွဲအဖြစ် မန်စီးတီးနဲ့ ကန်ရမှာဖြစ်ပါတယ်။