The network connection is lost.

Banner Image

ဟယ်ရီကိန်းရဲ့စွမ်းဆောင်ရည်အပေါ် မှတ်ချက်ပြုလာတဲ့ ဆောက်ဂိတ်

အင်္ဂလန်လက်ရွေးစင်နည်းပြ ဂါရတ်ဆောက်ဂိတ်က လက်ရှိယူရို ၂၀၂၄ မှာ အင်္ဂလန်အတွက် အသင်းခေါင်းဆောင်အဖြစ် ပါဝင်ကစားနေပြီး ခြေစွမ်းပြဖို့ရုန်းကန်နေရတဲ့ ဟယ်ရီကိန်းရဲ့စွမ်းဆောင်ရည်အပေါ် မှတ်ချက်ပြုလာခဲ့ပါတယ်။

ကိန်းဟာ အင်္ဂလန်အတွက် ကစားခဲ့တဲ့ နောက်ဆုံး ၅ ပွဲမှာ ၂ ဂိုး သွင်းယူပေးထားပေမယ့် ကစားပုံမကောင်းတာကြောင့် နယ်သာလန်နဲ့ ကစားရမယ့် ဆီမီးဖိုင်နယ်ပွဲစဉ်မှာ  ချန်လှပ်သင့်တယ်လို့ အကြုံပြုချက်တွေရှိနေပါတယ်။ အသင်းနည်းပြ ဆောက်ဂိတ်အနေနဲ့ ဟယ်ရီကိန်းရဲ့နေရာမှာ ပြီးခဲ့တဲ့ပွဲစဉ် ၂ ပွဲအတွင်း လူးစားဝင်ကစားသမားအဖြစ် ပါဝင်ခွင့်ရခဲ့တဲ့ အိုင်ဗန်တိုနေးနဲ့ အိုလီဝက်ကင်းစ်တို့ကို အစားထိုးထည့်သွင်းနိုင်တာဖြစ်ပါတယ်။

ဆွစ်ဇာလန်ကို အနိုင်ရခဲ့တဲ့ ကွာတားဖိုင်နယ်ပွဲစဉ်မှာ ကိန်းဟာ အချန်ပိုမိနစ်အတွင်း လူစားလဲခံခဲ့ရပေမယ့် ကြံ့ခိုင်မှုပြည့်ဝနေတာကြောင့် နယ်သာလန်နဲ့ပွဲမှာပါဝင်ဖို့ အဆင်သင့်ရှိနေတယ်လို့သိရပါတယ်။

ဆောက်ဂိတ်က ကိန်းဟာ ယူရိုမှာ အကောင်းဆုံး ခြေစွမ်းမျိုးပြသနိုင်ခြင်းမရှိသေးပေမယ့် အသင်းကို တတ်နိုင်သလောက်ပံ့ပို့ထားနိုင်ကြောင်းကို “ပွဲတွေက တစ်ပွဲနဲ့တစ်ပွဲမတူပါဘူး။ ဟယ်ရီက တိုက်စစ်မှာရော ခံစစ်မှာပါ အသင်းကို အများကြီးကူညီပေးထားနိုင်တယ်လို့ထင်ပါတယ်။ သူက တစ်ခါတလေမှာ သူ့ရဲ့အကောင်းဆုံး စွမ်းဆောင်ရည်ကို မပြသနိုင်ပေမယ့် အခုချိန်အထိတော့ အသင်းရဲ့အဓိက အစိတ်အပိုင်းထဲမှာ ပါဝင်နေပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

ဆောက်ဂိတ်ရဲ့ပြောကြားချက်အရ ကိန်းဟာ လာမယ့်နယ်သာလန်နဲ့ပွဲစဉ်မှာလည်း ချန်လှပ်ခံရဖွယ်မရှိဘဲ ပွဲထွက်ကစားသမားအဖြစ် ဆက်လက်ပါဝင်သွားဖွယ်ရှိနေပါတယ်။ ဝေဖန်ခံရမှုတွေ ရှိနေပေမယ့် ကိန်းဟာ အင်္ဂလန်အတွက် ၉၆ ပွဲ ကစားထားရာမှာ ၆၅ ဂိုးအထိ သွင်းယူထားနိုင်တာကြောင့် ဆောက်ဂိတ်ရဲ့ ယုံကြည်မှုကို အပြည့်အဝရရှိထားတာဖြစ်ပါတယ်။

ကိန်းဟာ အုပ်စုအတွင်း ဒိန်းမတ်ကို ၁-၁ နဲ့သရေကျခဲ့တဲ့ ပွဲစဉ်မှာ ဒီယူရိုအတွက် ဂိုးစတင်သွင်းယူနိုင်ခဲ့ပြီး ရှုံးထွက် ၁၆ သင်းအဆင့် ဆလိုဗက်ကီးယားနဲ့ပွဲစဉ်မှာ အချိန်ပိုအတွင်း ဒုတိယဂိုးထပ်မံသွင်းယူနိုင်ခဲ့တာကြောင့် ဆောက်ဂိတ်ရဲ့အသင်းကို အနိုင်ရစေခဲ့ပါတယ်။