မလျော်ကန်တဲ့အောင်ပွဲခံမှုပုံစံကြောင့် စပိန်ကြယ်ပွင့် ရိုဒရီနဲ့ မိုရာတာတို့ကို စွဲချက်တင်လိုက်တဲ့ ဥရောပဘောလုံးအဖွဲ့ချုပ်
ယူရို-၂၀၂၄ ချန်ပီယံအောင်ပွဲခံအခမ်းအနားအတွင်း ဂျီဘရော်လ်တာကျွန်းပိုင်ဆိုင်မှုနဲ့ပတ်သက်လို့ အော်ဟစ်ကြွေးကြော်ခဲ့မှုတွေအတွက် စပိန်လက်ရွေးစင်ကွင်းလယ်လူ ရိုဒရီ၊ တိုက်စစ်မှူးမိုရာတာတို့ကို ဥရောပဘောလုံးအဖွဲ့ချုပ် (ယူအီးအက်ဖ်အေ)က စွဲချက်တင်လိုက်ပါတယ်။
ဘာလင်မြို့ဗိုလ်လုပွဲအတွင်း အင်္ဂလန်အသင်းကို အနိုင်ယူပြီးနောက် ၂၀၁၂ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ် အဓိကမေဂျာဆုဖလားကို စပိန်အသင်း ရယူနိုင်ခဲ့ပါတယ်။ ဒီနောက်မှာတော့ ရိုဒရီနဲ့ မိုရာတာတို့က ဂျီဘရော်လ်တာကို ဗြိတိန်အစား စပိန်နိုင်ငံပိုင်ဖြစ်တယ်လို့ အဓိပ္ပါယ်ရတဲ့ ကြွေးကြော်သံအချို့ကို ထုတ်လွှင့်ခဲ့ပါတယ်။ ဒီပိုင်ဆိုင်မှုကိစ္စဟာ နှစ်နိုင်ငံအကြား နိုင်ငံရေးပြဿနာသာဖြစ်ပြီး စပိန်ကစားသမားနှစ်ဦးဟာ ချမှတ်ထားတဲ့စည်းမျဉ်းစည်းကမ်းတွေကို ချိုးဖောက်တယ်လို့ ယူဆမှုနဲ့အတူ ယူအီးအက်ဖ်အေက စုံစမ်းစစ်ဆေးရေးလုပ်ငန်းတွေ စတင်လာခဲ့ပါတယ်။
အလားတူ ဂျီဘရော်လ်တာဘောလုံးအဖွဲ့ချုပ်ကလည်း ဒီကစားသမားနှစ်ဦးရဲ့အပြုအမူဟာ အလွန်အမင်းရန်စစော်ကားတဲ့ လုပ်ရပ်ဖြစ်တယ်လို့ ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။ လတ်တလောမှာတော့ ယူအီးအက်ဖ်အေဘက်က ရိုဒရီနဲ့ မိုရာတာတို့ကို ချမှတ်ထားတဲ့စည်းမျဉ်းစည်းကမ်းတွေ ချိုးဖောက်တယ်လို့ယူဆကာ စွဲချက်တင်လိုက်ပါတယ်။
အခုစွဲချက်အပေါ် ယူအီးအက်ဖ်အေရဲ့ကြေညာချက်မှာ “ဆုံးဖြတ်ချက်တစ်ခုကို အချိန်နဲ့တပြေးညီချမှတ်သွားနိုင်ရေး မျှော်လင့်ထားတယ်”လို့ ဖော်ပြပါရှိပါတယ်။ Marca သတင်းဌာနရဲ့အဆိုအရ အခုကိစ္စအပေါ် ယူအီးအက်ဖ်အေက ပြစ်ဒဏ်ချမှတ်ဖို့ ဆုံးဖြတ်မယ်ဆိုရင် ကစားသမားနှစ်ဦးဟာ နှစ်ပွဲပယ်ပြစ်ဒဏ်နဲ့ ရင်ဆိုင်ရဖွယ်ရှိတယ်လို့ သိရပါတယ်။
မြေမျက်နှာသွင်ပြင်ဆက်စပ်တည်ရှိမှုအရ ဂျီဘရော်လ်တာကျွန်းဟာ စပိန်နိုင်ငံရဲ့တောင်ဘက်အစွန်ဆုံးမှာ ရှိနေပေမယ့် ရာစုနှစ်သုံးခုကျော်ကြာ ဗြိတိန်ရဲ့ပင်လယ်ရပ်ခြားပိုင်နက်တစ်ခုအဖြစ် ရပ်တည်နေခဲ့ပါတယ်။ စပိန်နိုင်ငံဘက်ကတော့ ဂျီဘရော်လ်တာဟာ နိုင်ငံ့ပိုင်နက်နယ်မြေအဖြစ် အစဉ်အမြဲယူဆခဲ့ပြီး ဒီကျွန်းပိုင်ဆိုင်မှုနဲ့ပတ်သက်လို့ ဗြိတိန်နိုင်ငံနဲ့ အငြင်းပွားခဲ့ပါတယ်။
ဂျီဘရော်လ်တာဟာ ကိုလိုနီစနစ်ရဲ့အကြွင်းအကျန်ဖြစ်ပြီး နိုင်ငံ့ရဲ့အချုပ်အခြာအာဏာအောက်ဆီ ပြန်လည်ရောက်ရှိသင့်တယ်လို့ စပိန်နိုင်ငံဘက်က ယူဆနေပါတယ်။ ဥရောပသမဂ္ဂ(အီးယူ)မှ ဗြိတိန်နုတ်ထွက်သွားခြင်းနဲ့အတူ နယ်စပ်ဖြတ်ကျော်ကုန်သွယ်မှုနဲ့ ခရီးသွားလာမှုဆိုင်ရာကိစ္စတွေမှာလည်း အရှုပ်အထွေးတွေ တိုးပွားလာခဲ့ပါတယ်။
လက်ရှိမှာ မိုရာတာနဲ့ ရိုဒရီတို့က သူတို့ရဲ့အောင်ပွဲခံမှုပုံစံနဲ့ပတ်သက်လို့ အရေးယူမှုရှိလာမလားဆိုတာသိရဖို့ စောင့်ဆိုင်းသွားရပါမယ်။ ဒီကစားသမားနှစ်ဦးလုံးက ဆာဘီးယား၊ ဆွစ်ဇာလန်တို့နဲ့ရင်ဆိုင်ရမယ့် နေရှင်းလိဂ်ပွဲစဉ်တွေနဲ့အတူ စက်တင်ဘာလအတွင်း စပိန်လက်ရွေးစင်အသင်းဆီ ပြန်လည်ပူးပေါင်းလာဖို့ စီစဉ်ထားပါတယ်။