
မန်စီးတီးက နိုင်ပွဲဆာလောင်စိတ် ပျောက်ဆုံးနေတယ်လို့ အပြစ်တင်စကားဆိုလာတဲ့ ဟာလန်း
မန်ချက်စတာစီးတီးတိုက်စစ်မှူး အာလင်းဟာလန်းက ယခုရာသီမှာ အသင်းဟာ စိတ်ပျက်စရာဖြစ်နေကြောင်းနဲ့ အသင်းရဲ့ကစားသမားတွေကလည်း နိုင်ပွဲဆာလောင်စိတ်ပျောက်ဆုံးနေကြပြီး လုံလောက်အောင် မစွမ်းဆောင်နိုင်ခဲ့ကြကြောင်း အပြစ်တင်စကားဆိုလာခဲ့ပါတယ်။
ယခုနှစ်ရာသီမှာ မန်စီးတီးဟာ ပရီးမီးယားလိဂ်ချန်ပီယံဆုဖလားကို လီဗာပူးထဲ လွှဲပြောင်းပေးအပ်ခဲ့ရသလို၊ ချန်ပီယံလိဂ်မှာလည်း ရှုံးထွက် ၁၆ သင်းအဆင့်နဲ့ ပြိုင်ပွဲကို လက်ပြနှုတ်ဆက်ခဲ့ရတာဖြစ်ပါတယ်။ မန်စီးတီးအနေနဲ့ အခုလို ရုန်းကန်ခဲ့ရခြင်းမှာ အဓိကကွင်းလယ်လူ ရိုဒရီအပါအဝင် အသင်းရဲ့ ဒဏ်ရာပြဿနာတွေကြောင့်လည်း တစ်စိတ်တစ်ပိုင်းပါဝင်ပါတယ်။
သို့သော်လည်း ယခုအခါမှာ ဟာလန်းက အသင်းရဲ့အဓိကအားနည်းချက်မှာ နိုင်ပွဲဆာလောင်စိတ် ကင်းမဲ့နေခြင်းဖြစ်တယ်လို့ ထောက်ပြပြောဆိုလာခဲ့ပါတယ်။နော်ဝေးလက်ရွေးစင်က "ကျွန်တော်တို့အနေနဲ့ ဆင်ခြေတွေတော့ပေးလို့ရတာပေါ့။ ခက်ခဲတဲ့အချိန်မှာ ဒဏ်ရာပြဿနာတွေ ကြုံတွေ့ခဲ့ရပါတယ်။ ဒါပေမယ့် အဓိကပြဿနာကတော့ ကျွန်တော်တို့ လုံလောက်တဲ့စွမ်းဆောင်ရည် မပြသနိုင်ခဲ့လို့ပါပဲ"
"ကျွန်တော်တို့ရဲ့အတွင်းစိတ်ထဲမှာ နိုင်ပွဲဆာလောက်စိတ် အပြည့်အဝမရှိခဲ့ပါဘူး။ ကျွန်တော်ကိုယ်တိုင်လည်း လုံလောက်တဲ့စွမ်းဆောင်ရည်မပြသနိုင်ခဲ့ပါဘူး။ အသင်းကို အပြည့်အဝမကူညီနိုင်ခဲ့ဘူး။ ဒါကြောင့် အခုလိုအခြေအနေဖြစ်နေတာ စွမ်းဆောင်ရည်မကောင်းလို့ပါပဲ" လို့ပြောကြားခဲ့ပါတယ်။
ဟာလန်းဟာ ပြီးခဲ့တဲ့မတ်လက ဘုန်းမောက်ကို ၂-၁ နဲ့အနိုင်ရခဲ့တဲ့ပွဲစဉ်မှာ ခြေကျင်းဝတ်ဒဏ်ရာရခဲ့တာကြောင့် တစ်လခန့်အနားယူခဲ့ရပါသေးတယ်။ လက်ရှိအချိန်မှာ တိုက်စစ်မှူးဟာ လေ့ကျင့်ခန်းပြန်ဆင်းနိုင်ပြီဖြစ်ပေမယ့် ပြီးခဲ့တဲ့အပတ်က ဝုဗ်ကို ၁-၀ နိုင်ခဲ့တဲ့ပွဲမှာတော့ လူစားဝင်ကစားသမားအဖြစ်နဲ့တောင် မကစားနိုင်ခဲ့ပါဘူး။
သို့သော်လည်း နော်ဝေးသားဟာ ယခုအခါမှာ ကြံ့ခိုင်မှုပြည့်ဝနေတာကြောင့် မန်စီးတီးရဲ့ ချန်ပီယံလိဂ်ဝင်ခွင့်နဲ့ အက်ဖ်အေဖလားအောင်မြင်မှုတို့အတွက် အကူအညီပေးသွားဖို့ အဆင်သင့်ရှိနေပါတယ်။ ယခုရာသီမှာ ဟာလန်းဟာပြိုင်ပွဲစုံ ပွဲ ၄၀ ကစားထားပြီး ဂိုး ၃၀ အထိသွင်းယူပေးထားပါတယ်။ လာမယ့် စနေနေ့မှာတော့ မန်စီးတီးဟာ ဆောက်သမ်တန်နဲ့ယှဉ်ပြိုင်သွားရမှာဖြစ်ပြီး ဟာလန်းတစ်ယောက် ပွဲထွက်ကစားသမားအဖြစ် ပါဝင်နိုင်မလား စောင့်ကြည့်ရပါမယ်။