
အာဆင်နယ်အတွက် ဖလားအားလုံးရယူပေးဖို့ ရည်မှန်းထားတဲ့ မာဒူကီ
နိုနီမာဒူကီက အာဆင်နယ်အသင်းနဲ့အတူ အရာအားလုံးကို အနိုင်ရရှိဖို့ နဲ့ အသင်းကို ဖလားတွေရရှိမယ့် အဆင့်အထိတက်လှမ်းနိုင်ဖို့ ကူညီပေးချင်တယ်လို့ ပြောကြားလိုက်ပါတယ်။ အာဆင်နယ်အသင်းဟာ တောင်ပံကစားသမားအတွက် ပေါင် ၅၂ သန်း ပေးချေခဲ့ပြီး အမ်းမရိတ်ကွင်းမှာ ငါးနှစ်သက်တမ်းရှိတဲ့ စာချုပ်ချုပ်ဆိုခဲ့ပါတယ်။ မာဒူကီဟာ ချဲလ်ဆီးအသင်းကနေ အာဆင်နယ်ထံ ပြောင်းရွှေ့လာတာဖြစ်ပြီး နည်းပြ အာတီတာက အထူးသဖြင့် တောင်ပံတွေမှာ အသင်းရဲ့ တိုက်စစ်ကို အားဖြည့်ဖို့ ရည်ရွယ်ထားပါတယ်။
ဒါပေမဲ့လည်း ပွဲထွက်လူစာရင်းမှာ ပုံမှန်နေရာရနေတဲ့ ဘူကာယိုဆာကာနဲ့ ဂါဘရီရယ်မာတင်နယ်လီတို့နဲ့ ယှဉ်ပြိုင်ရဖွယ်ရှိပါတယ်။ အာဆင်နယ်ပရိသတ်အချို့ကတော့ ချဲလ်ဆီးမှာ ကစားခွင့်သိပ်မရခဲ့တဲ့ ကစားသမားတစ်ဦးအတွက် ငွေအများအပြားသုံးစွဲခဲ့တာနဲ့ပတ်သက်ပြီး သဘောထားကွဲလွဲနေကြပါတယ်။ ဒါပေမဲ့ နည်းပြ အာတီတာကတော့ မာဒူကီရဲ့ ကစားဟန်က အသင်းရဲ့တိုက်စစ်ကို ပိုမိုကောင်းမွန်စေလိမ့်မယ်လို့ ယုံကြည်နေပါတယ်။
မာဒူကီက "ကျွန်တော်က အများအားဖြင့် ခံစားချက်အတိုင်း လိုက်လုပ်တတ်တဲ့သူတစ်ယောက်ပါ။ အခုထိတော့ မှန်ကန်တဲ့လမ်းကြောင်းပေါ်ရောက်နေတယ်လို့ ခံစားရပါတယ်။ ဒါက အောင်မြင်မှုကြီးတစ်ခုဖြစ်လာမယ်လို့ ထင်ပြီး ဒီမှာရှိနေရတာကို အရမ်းပျော်ပါတယ်။ ကျွန်တော်တို့ကစားနေတဲ့ ပြိုင်ပွဲအားလုံးကို အနိုင်ရရှိချင်ပါတယ်။ကျွန်တော်တို့အနေနဲ့ အဲဒီလိုလုပ်နိုင်စွမ်းရှိတယ်လို့ ခံစားရပါတယ်။ ဒါ့အပြင် ကျွန်တော့်ရဲ့စွမ်းဆောင်ရည်နဲ့အညီ အသင်းကို ကူညီပေးချင်ပြီး ကစားသမားတစ်ယောက်အနေနဲ့ရော လူတစ်ယောက်အနေနဲ့ပါ တိုးတက်အောင်ကြိုးစားသွားမှာပါ" လို့ ပြောကြားခဲ့ပါတယ်။ မာဒူကီဟာ အာဆင်နယ်အသင်းရဲ့ အာရှခရီးစဉ်မှာ ပါဝင်မှာဖြစ်ပြီး အဲဒီခရီးစဉ်မှာ အေစီမီလန်၊ နယူးကာဆယ်အသင်းတို့နဲ့ ယှဉ်ပြိုင်ကစားရမှာဖြစ်ပြီး ဟောင်ကောင်မှာတော့ တော့တင်ဟမ်အသင်းနဲ့ ကစားရမှာဖြစ်ပါတယ်။