
The network connection is lost.

ဆာဂျင်ရက်ကလစ်ဖ်နဲ့ ဆွေးနွေးပြီးနောက် သောမတ်စ်တူချယ်က မန်ချက်စတာယူနိုက်တက်မှာ အဲရစ်တန်ဟက်ရဲ့နေရာဆက်ခံဖို့ကိစ္စကို ငြင်းဆန်ပယ်ချသွားဖို့ ဆုံးဖြတ်ခဲ့ပါတယ်။
နာမည်ကြီးသတင်းထောက်ရိုမာနိုရဲ့အဆိုအရ ဘိုင်ယန်မြူးနစ်မှ ထွက်ခွာလာတဲ့ တူချယ်က ယူနိုက်တက်မှာ တန်ဟက်ရဲ့တာဝန်ကို လက်လွှဲမယူဖို့ ဆုံးဖြတ်ခဲ့တယ်လို့ သိရပါတယ်။ ဂျာမန်သားနည်းပြက အိုးထရက်ဖို့ဒ်ပဲ့ကိုင်ရှင်နေရာအတွက် ဆာဂျင်ရက်ကလစ်ဖ်နဲ့ မိုနာကိုမြို့မှာ ဆွေးနွေးခဲ့ပေမယ့် အခုနွေရာသီကာလအတွင်း မန်ချက်စတာမြို့ဆီ ပြောင်းရွှေ့ဖို့အထိ လုပ်ဆောင်သွားမှာ မဟုတ်ပါဘူး။
စိတ်ပျက်ဖွယ်ဘောလုံးရာသီတစ်ခုအပြီး တန်ဟက်ရဲ့နည်းပြဘဝအနာဂတ်က မရေမရာအခြေအနေမှာပဲ တဝဲလည်လည်ကျန်ရှိနေပါသေးတယ်။ သရဲနီတွေက ပရီးမီးယားလိဂ်အမှတ်ပေးဇယားအဆင့်- ၈ နေရာနဲ့ ရာသီသိမ်းခဲ့ပေမယ့် အက်ဖ်အေဖလားဗိုလ်လုပွဲမှာတော့ မန်စီးတီးကို ၂-၁ ဂိုးဖြင့် အနိုင်ယူခဲ့ပါတယ်။
ဂါနာချို၊ မိုင်နူးတို့ရဲ့သွင်းဂိုးတွေက အထင်ကြီးလောက်စရာအောင်ပွဲတစ်ခုကို ဖြစ်တည်လာစေပေမယ့် တန်ဟက်အတွက် နောက်ထပ်ဘောလုံးရာသီတစ်ခု ဆက်လက်တာဝန်ယူခွင့်ရှိမလား စောင့်ကြည့်နေရဆဲ အခြေအနေမှာပဲ ကျန်ရှိနေပါသေးတယ်။
X လူမှုကွန်ရက်မှတဆင့် အပြောင်းအရွှေ့ဂုရုကြီးရိုမာနိုက “သောမတ်စ်တူချယ်အနေဖြင့် မန်ချက်စတာယူနိုက်တက်နည်းပြ ရာထူးလက်ခံရယူသွားဖို့ အစီအစဉ်မရှိပါဘူး။ သူက အခုနွေရာသီကာလအတွင်း ဘယ်ကလပ်အသင်းကိုမှ တာဝန်မယူဘဲ အနားယူအပန်းဖြေဖို့ကိုသာ အာရုံစိုက်နေပါတယ်။ လတ်တလောသီတင်းပတ်တွေအတွင်း တွေ့ဆုံဆွေးနွေးပြီးနောက် တူချယ်က ယူနိုက်တက်နဲ့ ဆွေးနွေးမှုတွေကို ဆက်မလုပ်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ယူနိုက်တက်ဘက်ကတော့ မကြာမီကာလအတွင်း တန်ဟက်ရဲ့အနာဂတ်ကို ဆုံးဖြတ်ပေးသွားပါလိမ့်မယ်”လို့ ပြောပါတယ်။
မန်ချက်စတာယူနိုက်တက်အနေဖြင့် တန်ဟက်ရဲ့အနာဂတ်နဲ့ပတ်သက်လို့ အခုသီတင်းပတ်အတွင်း ဆုံးဖြတ်ချက်ချမှတ်သွားမယ်လို့ မျှော်လင့်ရပါတယ်။ အက်ဖ်အေဖလားကိုင်မြှောက်နိုင်ပြီးနောက် ရာထူးမှ ထုတ်ပယ်ခံရနိုင်တဲ့ အလားအလာတွေနဲ့ ပတ်သက်လို့ ဒတ်ချ်လူမျိုးနည်းပြက ဒေါသတကြီးတုံ့ပြန်ခဲ့မှုနဲ့အတူ လတ်တလောမှာ သရဲနီတွေက အင်္ဂလန်အသင်းနည်းပြဆောက်ဂိတ်၊ ချဲလ်ဆီးမှ ထွက်ခွာလာတဲ့ ပိုချက်တီနီုတို့ကို ဆွေးနွေးနိုင်ဖို့ ချိတ်ဆက်မှုတွေ လုပ်ဆောင်ခဲ့ပါတယ်။