The network connection is lost.

Banner Image

တော့တင်ဟမ်မှာ မာသီးစ်တဲလ် အောင်မြင်မှုရရှိလိမ့်မယ်လို့ မှန်းဆထားတဲ့ ဟယ်ရီကိန်း

ဘိုင်ယန်မြူးနစ်မှ တော့တင်ဟမ်ဆီ အငှားဖြင့်ရောက်ရှိလာတဲ့ မာသီးစ်တဲလ်ဟာ အသင်းသစ်မှာ အောင်မြင်မှုရရှိပါလိမ့်မယ်လို့ ဟယ်ရီကိန်းက ထောက်ခံအားပေးခဲ့ပါတယ်။ အခုဘောလုံးရာသီ၊ ဘိုင်ယန်မြူးနစ်အတွက် လေးပွဲသာ ပွဲထွက်ခွင့်ရရှိထားတဲ့ မာသီးစ်တဲလ်က ပွဲကစားချိန်ပိုမိုရရှိဖို့ တော့တင်ဟမ်ရဲ့ကမ်းလှမ်းမှုကို လက်ခံခဲ့ပါတယ်။ တော့တင်ဟမ်ဂန္တဝင်ဟယ်ရီကိန်းကလည်း လက်ရှိပရီးမီးယားလိဂ်အမှတ်ပေးဇယားအဆင့်-၁၄ မှာ ရှိနေတဲ့ ကလပ်အသင်းအတွက် ကြီးမားတဲ့အကျိုးသက်ရောက်မှုတစ်ခု ဖန်တီးပေးနိုင်သူအဖြစ် အသက်-၁၉ နှစ်အရွယ်တိုက်စစ်မှူးကို ထောက်ခံပေးခဲ့ပါတယ်။

ဘိုင်ယန်မြူးနစ်မှာ မာသီးစ်တဲလ်နဲ့ အသင်းဖော်ဖြစ်နေတဲ့ ဟယ်ရီကိန်းက “နှစ်ဦးနှစ်ဖက်အတွက် အရမ်းအကျိုးရှိတဲ့ အပြောင်းအရွှေ့လှုပ်ရှားမှုတစ်ခု ဖြစ်ပါတယ်။ မာသီးစ်တဲလ်က အရမ်းကောင်းတဲ့ကောင်လေး ဖြစ်ပါတယ်။ သူက အလုပ်အရမ်းကြိုးစားပြီး အလားအလာကောင်းတွေလည်း ပြည့်နှက်နေပါတယ်။ သူ့အတွက် ပုံမှန်ပွဲကစားချိန်မိနစ်တွေ ရရှိလာဖို့အတွက် အရမ်းအရေးကြီးပါလိမ့်မယ်။ သူ့မှာရှိနေတဲ့ အလားအလာကောင်းတွေကို ဖြည့်ဆည်းပြီး ဆက်လက်တိုးတက်လာဖို့အတွက် မျှော်လင့်မိပါတယ်။

ဒါက တော့တင်ဟမ်အတွက်လည်း ဂိုးတွေအများကြီးသွင်းယူပေးနိုင်မယ်လို့ မျှော်လင့်ရတဲ့၊ အရည်အချင်းပြည့်မီတဲ့၊ ငယ်ရွယ်ပြီး ဆာလောင်မှုအပြည့်ရှိတဲ့ ကစားသမားတစ်ဦးကို ပိုင်ဆိုင်ရတာဖြစ်ပါတယ်။ ဒါ ကောင်းပါတယ်။ သူ့အတွက် ကလပ်အသင်းသစ်မှာ အံ့အားသင့်ဖွယ်ရာ အချိန်တစ်ခုရရှိဖို့ မျှော်လင့်ထားပြီး အကောင်းဆုံးဖြစ်လာပါစေလို့ ဆုတောင်းပေးပါတယ်။ သူလုပ်နိုင်မယ်ဆိုတာ ကျွန်တော်သိပါတယ်။ ပရိသတ်တွေကိုယ်တိုင်လည်း သူ့ကို အမှန်တကယ်ကြိုဆိုပေးလိမ့်မယ်လို့ ယုံကြည်မိပါတယ်”လို့ ပြောပါတယ်။

တဖက်မှာလည်း မာသီးစ်တဲလ်က အသင်းဖော်နှစ်ဦးအကြား အပြောင်းအရွှေ့အတွက် ဆွေးနွေးဖြစ်ခဲ့ပုံနဲ့ တော့တင်ဟမ်ဆီပြောင်းရွှေ့ဖို့ ဟယ်ရီကိန်းကူညီပေးခဲ့ပုံကို ထုတ်ဖော်ပြောပြခဲ့ပါတယ်။ ကလပ်အသင်းမီဒီယာနဲ့တွေ့ဆုံချိန် မာသီးစ်တဲလ်က “ ဒီနေရာမှာ အရမ်းကောင်းတဲ့လူပုဂ္ဂိုလ်တွေ အများကြီးရှိတယ်လို့ ဟယ်ရီကိန်းကိုယ်တိုင် ကျွန်တော့်ကို ပြောပြခဲ့ပါတယ်။

ကွင်းကလည်း အရမ်းကောင်းပါတယ်။ လေ့ကျင့်ရေးကွင်းလည်း အရမ်းကောင်းပါတယ်။ ဒီကလပ်အသင်းဆီ ရောက်ရှိလာမယ်ဆိုရင် ဒါကို ခံစားမိနိုင်ပါလိမ့်မယ်။ ဒါကြောင့် ဟယ်ရီကိန်းဆီမှ ကြားခဲ့ရတဲ့ အရာရာတိုင်းက အပြုသဘောဆောင်ခဲ့ပါတယ်”လို့ ပြောပါတယ်။ မန်ချက်စတာယူနိုက်တက်နဲ့ အာဆင်နယ်တို့လို အသင်းတွေဆီမှ စိတ်ဝင်စားမှုတွေ ရရှိခဲ့ပေမယ့် တော့တင်ဟမ်ဆီ ပြောင်းရွှေ့ဖို့ ဆုံးဖြတ်ခဲ့ပုံကို မာသီးတဲလ်က “ ပရိသတ်တွေနဲ့ ကိုယ့်ရဲ့အသင်းဖော်တွေအတွက် ကစားပေးရလို့ ကျွန်တော် အရမ်းစိတ်လှုပ်ရှားမိပါတယ်။

ဒါက ကျွန်တော့်အတွက် စိန်ခေါ်မှုအသစ်တစ်ခုဖြစ်သလို ကဏ္ဍသစ်တစ်ရပ် ဖွင့်လှစ်လိုက်တာလည်း ဖြစ်ပါတယ်။ ဒီအတွက် ကျွန်တော် အရမ်းစိတ်လှုပ်ရှားမိပါတယ်။ ဘာကြောင့် တော့တင်ဟမ်ကို ရွေးချယ်ခဲ့သလဲ? ကျွန်တော့်အတွက် အကောင်းဆုံးရွေးချယ်ခွင့် ဖြစ်နေခဲ့လို့ပါ။ ကျွန်တော့်အတွက် အရေးအကြီးဆုံးအရာက ကတိကဝတ်တစ်ခုကို ခံစားမိဖို့ပဲ ဖြစ်ပါတယ်။

ကျွန်တော်ကိုယ်တိုင် ကလပ်အသင်းဥက္ကဋ္ဌနဲ့ စကားပြောခဲ့သလို နည်းပြနဲ့လည်း စကားပြောဖြစ်ခဲ့ပါတယ်။ ကျွန်တော်က ငယ်ရွယ်သေးသလို တိုးတက်ဖို့လည်း လိုအပ်နေသေးပါတယ်။ ဒါကြောင့်ပဲ ကျွန်တော့်အတွက် အကောင်းဆုံးရွေးချယ်စရာ ဖြစ်ခဲ့ပါတယ်။ အခုတော့ ကျွန်တော် အရမ်းပျော်ရွှင်နေပါပြီ။ ကျွန်တော်က ကိုယ်ကာယအားပြုကစားသူတစ်ဦးလို့ ထင်ပါတယ်။ လျှင်မြန်မှုနဲ့ နည်းစနစ်ပိုင်းအရ ပွဲစဉ်တိုင်း၊ ပွဲချိန်တိုင်းမှာ နှလုံးသားကိုနှစ်ပြီး ကစားပါတယ်။

ကျွန်တော်က အခုလိုဖိအားတွေနဲ့အတူ ရှင်သန်နေပါတယ်။ ကျွန်တော်ကိုယ်တိုင်လည်း အနာဂတ်ကို ရှေးရှုပြီး တိုးတက်ဖို့အတွက် ကိုယ့်ကိုယ်ကိုယ် တွန်းအားပေးပါတယ်။ ကျွန်တော့်မှာ ဘောလုံးနဲ့ပတ်သက်ပြီး စီနီယာအသင်းနဲ့အတူ ကစားခွင့်ရရှိဖို့ဆိုတဲ့ အိပ်မက်တစ်ခု အမြဲတမ်းရှိပါတယ်။ ကျွန်တော်ကတော့ ပွဲစဉ်တိုင်းအတွက် အဆင်သင့်ဖြစ်နေပါပြီ။ ဒါကြောင့်ပဲ ကျွန်တော် အခုဒီနေရာမှာ ရှိနေတာပါ။ တော့တင်ဟမ်အတွက်၊ အသင်းအတွက်၊ ပရိသတ်တွေအတွက် ကျွန်တော် လုပ်ပေးရမယ့်အရာကို ကျွန်တော် သိပါတယ်။ ကိုယ်ဘာလုပ်ရမလဲဆိုတာကို သိသလို လုပ်နိုင်လိမ့်မယ်လို့လည်း မျှော်လင့်မိပါတယ်”လို့ ပြောပါတယ်။