အယ်လ်ဟီလယ်နဲ့ စာချုပ်ဖျက်သိမ်းခဲ့တဲ့ ဒဏ်ရာလူသားနေမာ
နေမာနဲ့ ဆော်ဒီပရိုလိဂ်ကလပ် အယ်လ်ဟီလယ်တို့အကြား ချုပ်ဆိုထားတဲ့ စာချုပ်ကို နှစ်ဖက်သဘောတူညီမှုဖြင့် ဖျက်သိမ်းခဲ့ပါတယ်။ အသက်-၃၂ နှစ်အရွယ် ဘရာဇီးလက်ရွေးစင်ကစားသမားက ၂၀၂၃ ခုနှစ်၊ သြဂုတ်လအတွင်း ယူရိုသန်း ၉၀ တန် သဘောတူညီမှုဖြင့် ဆော်ဒီမြေဆီ ရောက်ရှိလာခဲ့ပေမယ့် ဒဏ်ရာပြဿနာတွေကြောင့် ကလပ်အသင်းအတွက် ခုနစ်ပွဲသာ ပါဝင်ကစားနိုင်ခဲ့ပါတယ်။
၂၀၁၇ ခုနှစ်၊ ပီအက်စ်ဂျီဆီ ပေါင်သန်း ၂၀၀ ဖြင့် ပြောင်းရွှေ့ပြီး ကမ္ဘာ့ပြောင်းရွှေ့ကြေးအမြင့်မားဆုံး ဘောလုံးသမားအဖြစ် မှတ်တမ်းဝင်ခဲ့တဲ့ နေမာက အခုဘောလုံးရာသီ အယ်လ်ဟီလယ်အတွက် နှစ်ပွဲသာ ပါဝင်ကစားထားနိုင်ပါတယ်။သူ့အတွက် မွေးရပ်မြေငယ်ဘဝကလပ်အသင်း ဆန်းတို့စ်ဆီ ပြန်သွားနိုင်ဖို့ ချိတ်ဆက်မှုတွေ များစွာရှိခဲ့ပါတယ်။ အယ်လ်ဟီလယ်အသင်းရဲ့ထုတ်ပြန်ချက်မှာ “အသင်းကစားသမားဘဝတလျှောက်လုံး လုပ်ဆောင်ပေးခဲ့တဲ့ အရာတွေအတွက် နေမာကို ကျေးဇူးတင်လိုပါတယ်။ ကစားသမားဘဝမှာ အောင်မြင်မှုတွေ ရယူနိုင်ပါစေ ဆုတောင်းပေးပါတယ်”လို့ ဖော်ပြပါရှိပါတယ်။
တစ်နှစ်လုပ်ခလစာ ယူရိုသန်း ၁၅၀ တန် သဘောတူညီမှုဖြင့် နှစ်နှစ်သက်တမ်းရှိစာချုပ်တစ်ရပ်ကို ချုပ်ဆိုထားတဲ့ နေမာအတွက် စာချုပ်သက်တမ်း ခုနစ်လနီးပါး ကျန်ရှိနေပါသေးတယ်။ နေမာက ဆန်းတို့စ်လူငယ်ကြယ်ပွင့်အဖြစ် ကစားသမားဘဝကို စတင်ခဲ့ပြီး အသင်းအတွက် ၂၂၅ ပွဲကစား၊ ၁၃၆ ဂိုး သွင်းယူခဲ့ပါတယ်။ ၂၀၁၃ ခုနှစ်မှာတော့ သူက ဘာစီလိုနာဆီ ပြောင်းရွှေ့လာခဲ့ပါတယ်။
စပိန်မြေ၊ လေးရာသီကြာကာလအတွင်း သူက ၁၈၆ ပွဲအထိ ပါဝင်ကစားကာ ဆုဖလားအောင်မြင်မှုတွေ ရယူနိုင်ခဲ့ပြီးနောက် ပီအက်စ်ဂျီအသင်းဆီ ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေးဖြင့် ရောက်ရှိလာခဲ့ပါတယ်။ ပါရီမြေမှာလည်း နေမာက လီဂူးဝမ်းချန်ပီယံဆုကို ငါးကြိမ်တိုင်တိုင် အနိုင်ရရှိခဲ့ပြီး ဆော်ဒီနိုင်ငံဆီ ပြောင်းရွှေ့လာခဲ့ပါတယ်။ နေမာက ပီလီကို ကျော်ဖြတ်ပြီး ဘရာဇီးအသင်းရဲ့သွင်းဂိုးအများဆုံးကစားသမားဖြစ်လာဖို့ အတော်လေးနီးစပ်ခဲ့ပေမယ့် ၂၀၂၃ ခုနှစ်၊ ဒူးဒဏ်ရာရရှိပြီးနောက် နိုင်ငံ့အတွက် ပါဝင်ကစားပေးနိုင်ခြင်း မရှိတော့ပါဘူး။