ဒူးဒဏ်ရာကြောင့် ၆ ပတ်ခန့်အနားယူသွားရတော့မယ့် တော့တင်ဟမ်တိုက်စစ်မှူး ဆိုလန်ကီ
တော့တင်ဟမ်တိုက်စစ်မှူး ဒိုမီနစ်ဆိုလန်ကီဟာ ဒူးဒဏ်ရာကြောင့် ၆ ပတ်ခန့်အနားယူသွားရတော့မယ်လို့ အသင်းနည်းပြ အန်ဂျီပိုစတီကိုဂလူက ကြာသပတေးနေ့မှာ အတည်ပြုပြောကြားခဲ့ပါတယ်။ ကစားသမားဟာ ပြီးခဲ့တဲ့အပတ်က အသင်းရဲ့လေ့ကျင့်ရေးအစီအစဉ်မှာ ဒဏ်ရာပြင်းပြင်းထန်ထန်ရရှိခဲ့တာဖြစ်ပြီး အဲဗာတန်ကိုရှုံးနိမ့်ခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်နဲ့ ယနေ့နံနက်က ဟော့ဖန်ဟိမ်းကို အနိုင်ရခဲ့တဲ့ ယူရိုပါလိဂ်ပွဲစဉ်တွေကို လွဲချော်ခဲ့ပါတယ်။
ဟော့ဖန်ဟိမ်းကို ၂-၃ နဲ့အနိုင်ရခဲ့တဲ့ပွဲစဉ်အပြီးမှာ ပိုစတီကိုဂလူက “ဆိုလန်ကီနဲ့ပတ်သက်ပြီး သိရသလောက်ကတော့ သူဟာ အနည်းဆုံး ၆ ပတ်လောက်အထိ အနားယူသွားရပါမယ်။ ခွဲစိတ်ကုသမှုခံယူဖို့တော့ မရှိပါဘူး။ ဒါကြောင့် ၆ ပတ်ထက်စောပြီး ပြန်ကစားနိုင်ဖို့လည်း အခွင့်အရေးရှိပါတယ်။ ဒါပေမယ့် လောလောဆယ်မှာအတည်ပြုထားတာကတော့ ၆ ပတ်ပါ” လို့ပြောကြားခဲ့တာဖြစ်ပါတယ်။
ပြီးခဲ့တဲ့နွေရာသီမှာ ဘုန်းမောက်မှ တော့တင်ဟမ်သို့ ပေါင် ၅၅ သန်းနဲ့ပြောင်းရွှေ့လာခဲ့တဲ့ ဆိုလန်ကီဟာ ဒီရာသီမှာ အသင်းအတွက် စုစုပေါင်း ၂၉ ပွဲစားထားရာမှာ ၁၁ ဂိုးသွင်းယူပေးထားနိုင်ပါတယ်။ မကြာသေးမီ ရက်သတ္တပတ်အချို့မှာ ဒဏ်ရာပြဿနာတွေနဲ့ ဆက်တိုက်ကြုံတွေ့ထားရတဲ့ တော့တင်ဟမ်အတွက် ဆိုလန်ကီရဲ့ဒဏ်ရာက နောက်ထပ်ပြင်းထန်တဲ့ထိုးနှက်ချက်တစ်ခု ဖြစ်လာဖို့ရှိနေပါတယ်။
လက်ရှိတော့တင်ဟမ်ရဲ့ ဒဏ်ရာရ ကစားသမားစာရင်းမှာ ဆိုလန်ကီအပါအဝင် အဓိကကစားသမားတွေဖြစ်တဲ့ ခရစ်ရှန်ရိုမဲရိုး၊ မစ်ကီဗန်ဒီဗန်၊ ပါပေဆား၊ ဗီကာရီယို၊ ယူဒိုဂီနဲ့ ဘရန်နန်ဂျွန်ဆင်တို့ ရောက်ရှိနေတာဖြစ်ပါတယ်။