အာဆင်နယ်ကို ဂိုးပြတ်ရှုံးနိမ့်ခဲ့ပြီးနောက် တော့တင်ဟမ်ပရိသတ်တွေကို ဗီကာရီယိုတောင်းပန်
တနင်္ဂနွေနေ့ညကယှဉ်ပြိုင်ခဲ့တဲ့ လန်ဒန်ဒါဘီပွဲစဉ်မှာ အာဆင်နယ်ကို ၄-၁ နဲ့ဂိုးပြတ်အရေးနိမ့်ပြီးနောက် တော့တင်ဟမ်ဂိုးသမား ဗီကာရီယိုက အသင်းဟာ တိုက်ပွဲဝင်လိုစိတ်လျော့နည်းခဲ့တာကြောင့် ရှုံးနိမ့်ခဲ့တာဖြစ်ကြောင်း အသင်းပရိသတ်တွေကို တောင်းပန်စကားပြောကြားလာခဲ့ပါတယ်။
တော့တင်ဟမ်ဟာ အာဆင်နယ်ကို အဝေးကွင်းမှာလွန်ခဲ့တဲ့ ၁၅ နှစ်ခန့်က နောက်ဆုံးအကြိမ်အနိုင်ရခဲ့တာဖြစ်ပြီး ယခုအခါမှာလည်း အဆိုပါမှတ်တမ်းကို ပြန်လည်ချိုးဖျက်နိုင်ခဲ့ခြင်းမရှိဘဲ အာဆင်နယ်တိုက်စစ်မှူး အီဘရီချီအီဇီရဲ့ ဟက်ထရစ်ကိုပါခွင့်ပြုခဲ့ရပြီး ဂိုးပြတ်အရေးနိမ့်ခဲ့တာဖြစ်ပါတယ်။
ပွဲအပြီးမှာ ဗီကာရီယိုက "ကျွန်တော်တို့အတွက်အရမ်းခက်ခဲတဲ့ညတစ်ညပါပဲ။ ပထမဆုံးအနေနဲ့ ကျွန်တော်တို့ကိုအားပေးနေတဲ့ ပရိသတ်တွေကိုတောင်းပန်ချင်ပါတယ်။ သူတို့က ကျွန်တော်တို့အပေါ်မှာ မျှော်လင့်ချက်ထားခဲ့ကြပေမယ့် ကျွန်တော်တို့မလုပ်နိုင်ခဲ့ကြပါဘူး။ ဒီလိုဘောလုံးအဆင့်အတန်းမျိုးမှာ ဒီလိုရလဒ်က လက်ခံနိုင်စရာမဟုတ်ပါဘူး။ အရမ်းကိုဆိုးရွားတဲ့ ရှုံးနိမ့်မှုပါပဲ" လို့ပြောကြားခဲ့ပါတယ်။
ယခုပွဲစဉ်မှာ တော့တင်ဟမ်ဟာ ခံစစ်ကိုသာအသားပေးကစားခဲ့ပြီး တိုက်စစ်ပိုင်းက လုံးဝအသက်မဲ့နေခဲ့ကာ တိုက်စစ်မှူး ရစ်ချာလီဆန်ရဲ့သွင်းဂိုးတစ်ဂိုးသာ ထူးထူးခြားခြားမြင်တွေ့ခဲ့ရပါတယ်။ ဗီကာရီယိုအနေနဲ့ ယခုပွဲစဉ်မှာ လက်စွမ်းပြသနိုင်ခဲ့တာကြောင့် ၄ ဂိုးနဲ့သာပွဲပြီးဆုံးခဲ့တာလည်းဖြစ်ပါတယ်။
ယခုပွဲစဉ်မှာ တော့တင်ဟမ်ရဲ့ဂိုးရနိုင်ချေ xG ဟာ ၀.၀၇ သာရှိခဲ့ပြီး ပရိသတ်အချို့ကလည်း ပွဲမပြီးခင်မှာပဲ ကွင်းထဲကနေ ထွက်ခွာသွားခဲ့ကြပါတယ်။ ယခုအခါမှာတော့ တော့တင်ဟမ်ဟာ ပီအက်စ်ဂျီနဲ့ယှဉ်ပြိုင်သွားရမယ့် ချန်ပီယံလိဂ်ပွဲစဉ်အတွက် ပြင်ဆင်မှုတွေပြန်လည်ပြုလုပ်သွားရတော့မှာဖြစ်ပါတယ်။
ဆက်လက်ပြီး ဗီကာရီယိုက "ကျွန်တော်တို့စည်းလုံးနေဖို့လိုပါတယ်။ ဗုဒ္ဓဟူးနေ့မှာ နောက်ထပ်ခက်ခဲတဲ့ပွဲစဉ်ရှိပါသေးတယ်။ ဒီနေ့မှာ ကျွန်တော်တို့ဟာ ပုံမှန်လုပ်နိုင်စွမ်းရှိတဲ့ စွမ်းဆောင်ရည်ကိုတောင် မပြသနိုင်ခဲ့ပါဘူး။ ရှုံးပွဲကြောင့်စိတ်ပျက်မိပေမယ့် စိတ်ကိုတည်တည်ငြိမ်ငြိမ်ထားပြီး ဒီနေ့လာအားပေးတဲ့ပရိသတ်တွေကို တောင်းပန်ဖို့လို့ပါတယ်" လို့ပြောကြားခဲ့ပါတယ်။