
ဆယ်စုနှစ်တစ်ခုကျော် အကြာမှာ ရှယ်ယာအချို့ကို ရောင်းထုတ်ရန် လမ်းဖွင့်လိုက်တဲ့ တော့တင်ဟမ် ဥက္ကဌ ဒန်နီယယ်လီဗီ
ပရီးမီးယားလိဂ်ထိပ်သီးကလပ်အသင်းတစ်သင်းဖြစ်လာရန် အကောင်းဆုံးပြုပြင် တည်ဆောက်နေတဲ့ မြောက်လန်ဒန်အခြေစိုက် တော့တင်ဟမ်အသင်းရဲ့ ဥက္ကဖြစ်တဲ့ ဒန်နီလီဗိုင်းက တော့တင်ဟမ်အသင်းရဲ့ ကစားသမားအပြောင်းအရွှေ့တွေမှာ အဓိက ပါဝင်ပက်သက်ခဲ့သူဖြစ်ပြီး ဆယ်စုနှစ်တစ်ခုကျော် အကြာတွင် ကလပ်အသင်းရဲ့ ရှယ်ယာအချို့ကို ရောင်းထုတ်ရန် လမ်းကြောင်းဖွင့်လိုက်တာပဲ ဖြစ်ပါတယ်။
လီဗိုင်းမိသားစု အနေဖြင့် တော့တင်ဟမ်အသင်းရဲ့ အဓိက ရှယ်ယာပမာဏဖြစ်တဲ့ ၈၆.၅၈ ရာခိုင်နှုန်း ပိုင်ဆိုင်တဲ့ အီအန်အိုင်စီ လုပ်ငန်းစုမှ ရှယ်ယာ ၂၉.၈၈ ရာခိုင်နှုန်းကို ၂၀၀၁ခုနှစ်မှာ ဝယ်ယူခဲ့တာဖြစ်ပြီး အဆိုပါ နေ့ရက်မှစတင်ကာ တော့တင်ဟမ်အသင်းရဲ့ အရေးပါတဲ့ ပုဂ္ဂိုလ်တစ်ဦးအဖြစ် ဦးဆောင်ရပ်တည်ခဲ့တာ ဖြစ်ပါတယ်။
တော့တင်ဟမ်အသင်းရဲ့ လက်ကျန် ရှယ်ယာ ၁၃.၄၂ ရာခိုင်နှုန်းကတော့ အများပြည်သူပိုင် ပုံစံမျိုးဖြင့် ဝယ်ယူသူ ၃၀၀၀၀ ခန့်ကို ခွဲဝေရောင်းချထားခဲ့တာလည်း ဖြစ်ပါတယ်။
ဥက္ကဌ လီဗိုင်းအနေဖြင့် တော့တင်ဟမ်အသင်းရဲ့ ရှယ်ယာအချို့ကို အဖွဲ့အစည်း အချို့က ဝယ်ယူရန် သတင်းထွက်လာချိန်မှာ ကလပ်အသင်းအတွက် တန်းဖိုးမြှင့်စေမယ့် ရင်းနှီးမြှပ်နှံမှုမျိုးဖြစ်ပါက ရှယ်ယာအချို့ကို ထုတ်ရောင်းချသွားရန် တံခါးဖွင့်ထားတဲ့ အကြောင်း အသိပေးပြောဆိုလိုက်တာလည်း ဖြစ်ပါတယ်။
တော့တင်ဟမ်အသင်းရဲ့ ဥက္ကဌနေရာကို ကာလရှည် ဆုပ်ကိုင်ထားတဲ့ လီဗိုင်းကို ယခုနှစ် အစောပိုင်းကာလမှာ ကလပ်အသင်းရဲ့ ရလဒ်မကောင်းမွန်မှုများကြောင့် ဥက္ကရာထူးမှာ နှုတ်ထွက်ပေးရန် တော့တင်ဟမ်အသင်းရဲ့ ပရိတ်သတ်အချို့က တောင်းဆိုမှုဖြစ်ပွားခဲ့သေးတာလည်း ဖြစ်ပါတယ်။
တော့တင်ဟမ်သင်းရဲ့ ရှယ်ယာအချို့ကို ရောင်းချသွားရန် ဆန္ဒရှိတဲ့အကြောင်းနဲ့ ပက်သက်လို့ ဥက္ကလီဗိုင်း က
“တစ်ယောက်ယောက်ကသာ ကလပ်အသင်းရဲ့ ဘုတ်အဖွဲ့ကို စိတ်ဝင်တစား ချဉ်းကပ်တဲ့ ကမ်းလှမ်းမှုမျိုး ပြုလုပ်လာခဲ့ရင် ကျွန်တော်တို့ဘက်ကနေ ထည့်သွင်းစဉ်းစားသွားမှာပါ။ ဒီအကြောင်းကိုလည်း ကလပ်အသင်းရဲ့ အကြံပေးပုဂ္ဂိုလ်တွေနဲ့ တိုင်ပင်နေတာ ကြာပါပြီ။ ကလပ်အသင်းအပေါ် စိတ်ဝင်တစားကမ်းလှမ်းမှုပြုလုပ်လာခဲ့ရင် ကျွန်တော်တို့ဘက်မှ အရာရာတိုင်းအတွက် တံခါးဖွင့်ထားပါတယ်” လို့
အတည်ပြု ပြောဆိုလိုက်တာပဲ ဖြစ်ပါတယ်။