၂၀၁၇ ခုနှစ်မှာ ချဲလ်ဆီးနဲ့အတူ ရေပန်းစားမှုမရှိဘဲ ပရီးမီးယားလိဂ်ချန်ပီယံဖြစ်ခဲ့တယ်လို့ ကွန်တီပြောကြား
The Athletic နဲ့အင်တာဗျူးအတွင်း အန်တိုနီယိုကွန်တီက တော့တင်ဟမ်နဲ့ ချဲလ်ဆီးမှာဖြတ်သန်းခဲ့ချိန်တွေကို ပြန်ပြောင်းကြည့်ရှုခဲ့ပြီး ၂၀၁၆-၂၀၁၇ ဘောလုံးရာသီ၊ ပရီးမီးယားလိဂ်ချန်ပီယံဆုကို အနောက်လန်ဒန်ကလပ်အသင်းနဲ့အတူ ရေပန်းစားမှုမရှိဘဲ ဆွတ်ခူးနိုင်ခဲ့တယ်လို့ အခိုင်အမာပြောကြားခဲ့သလို တော့တင်ဟမ်အသင်းမှာ သူ့အတွက် ဒေါသထွက်စေတဲ့အရာတစ်ခုကိုလည်း ဖွင့်ဟခဲ့ပါတယ်။
ပြီးခဲ့တဲ့နွေရာသီမှာ နာပိုလီနည်းပြရာထူးကို စွန့်ခွာခဲ့တဲ့ အီတာလျံလူမျိုးနည်းစနစ်ပညာရှင်က ၂၀၂၆ ခုနှစ်မှ ၂၀၁၈ ခုနှစ်အထိ ချဲလ်ဆီး၊ ၂၀၂၁ ခုနှစ်မှ ၂၀၂၃ ခုနှစ်အထိ တော့တင်ဟမ်တို့ကို တာဝန်ယူကိုင်တွယ်ခဲ့ပါတယ်။
၂၀၁၆-၂၀၁၇ ဘောလုံးရာသီမှာ ချဲလ်ဆီးတို့ ပရီးမီးယားလိဂ်ချန်ပီယံဆုကို ရယူနိုင်ခဲ့ပြီး ကွန်တီကိုယ်တိုင်လည်း ချဲလ်ဆီးအတွက် လိဂ်ချန်ပီယံဆုရယူပေးနိုင်တဲ့ နောက်ဆုံးနည်းပြအဖြစ် မှတ်တမ်းဝင်နေဆဲပါပဲ။ စတမ်းဖို့ဒ်ဘရစ်ချ်မှာ သူ့ရဲ့နောက်ဆုံးရာသီဖြစ်တဲ့ နောက်ဘောလုံးရာသီမှာလည်း အက်ဖ်အေဖလားကို ဆွတ်ခူးပေးရင်း ပြည်တွင်းဖလားအောင်မြင်မှုကို ရှာဖွေပေးခဲ့ပါတယ်။
"ကျွန်တော်တို့အတွက်တော့ ရေပန်းစားမှုမရှိဘဲ ဆွတ်ခူးနိုင်ခဲ့တဲ့ ပရီးမီးယားလိဂ်ချန်ပီယံဆု ဖြစ်ပါတယ်" လို့ ကွန်တီက ပြောပါတယ်။
"ကျွန်တော်တို့တွေ နာမည်ကြီးကစားသမားခေါ်ယူမှု အများကြီးမလုပ်ခဲ့ပါဘူး။ ဗဟိုနောက်ခံလူဒေးဗစ်လူးဝစ်ဇ်၊ ဘယ်နောက်ခံလူအလွန်ဆိုနဲ့ ကွင်းလယ်လူကန်တေတို့ကို ခေါ်ယူခဲ့တယ်။ ကန်တေနဲ့ပတ်သက်လို့လည်း သေချာရဲ့လားဆိုပြီး ကလပ်အသင်းက ကျွန်တော့်ဆီ ၁၀ ကြိမ်လောက် မေးခဲ့ပါတယ်။ သူက အရပ်ရှည်ပြီး ချောမောလှပတဲ့ ချဲလ်ဆီးရဲ့ သမားရိုးကျကစားသမားမျိုး မဟုတ်ပါဘူး။ သူ့ကို မြင်လိုက်တာနဲ့တင်.... ဟုတ်ပါတယ်၊ သူ့ကိုစတွေ့ချိန် သူ့ရဲ့ရုပ်ပိုင်းဆိုင်ရာကြံ့ခိုင်မှုအပေါ် ကျွန်တော်ကိုယ်တိုင်တောင် သံသယ အနည်းငယ်ရှိခဲ့ပါတယ်(ရယ်လျက်)။ သူက ထိပ်တန်း ကစားသမားတစ်ဦး ဖြစ်တယ်ဆိုတာကိုတော့ ကျွန်တော် အပြည့်အဝယုံကြည်ခဲ့ပါတယ်" လို့ ဆိုပါတယ်။
ချဲလ်ဆီးမှာ နှစ်ရာသီကြာ ဖြတ်သန်းပြီးနောက် ကွန်တီက ၂၀၁၉ ခုနှစ်မှ ၂၀၂၁ ခုနှစ်အထိ အင်တာမီလန်ကို ကိုင်တွယ်ခဲ့ပြီး ၂၀၂၀-၂၀၂၁ ဘောလုံးရာသီ၊ စကူဒက်တို(စီးရီးအေချန်ပီယံဆု)ကို ဆွတ်ခူးရရှိခဲ့ပါတယ်။ အဲ့ဒီနောက် ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလမှာ နူနိုဆန်းတို့စ်ရဲ့နေရာကို အစားထိုးဖို့ တော့တင်ဟမ်ဆီ ရောက်ရှိလာခဲ့ပါတယ်။
အဲဒီရာသီမှာ ချန်ပီယံလိဂ်ဝင်ခွင့် ရရှိခဲ့ပေမဲ့ ၂၀၂၃ ခုနှစ်၊ မတ်လမှာ အဆုံးသတ်ခဲ့တဲ့ ကွန်တီခေတ်ကာလအတွင်း တော့တင်ဟမ်က ချန်ပီယံဆုစိန်ခေါ်နိုင်တဲ့ ကလပ်အသင်းပုံစံမျိုး အမှန်တကယ် မဖြစ်လာခဲ့ပါဘူး။
ကွန်တီက "ကျွန်တော့်ကို ဒေါသထွက်စေခဲ့တဲ့ အရာကတော့ 'တော့တင်ဟမ်ဆိုတာ ဘယ်တော့မှ ဆုဖလား မရနိုင်သလို အရှုံးသမားတွေသာ ဖြစ်တယ်'ဆိုပြီး ကျွန်တော့် ပတ်ဝန်းကျင်မှာ လူတွေရဲ့ပြောဆိုသံတွေကို ကြားနေရတာပါပဲ" လို့ ပြောပါတယ်။
"တော့တင်ဟမ်က လှောင်ပြောင်ခံခဲ့ရသလို အခုအချိန်အထိလည်း လှောင်ပြောင်ခံနေရဆဲပါပဲ။ ဘရိုက်တန်ကို အာဆင်နယ်တို့ ၃-၀ ဂိုးဖြင့် ရှုံးနိမ့်သွားချိန် 'အာဆင်နယ်တော့ တော့တင်ဟမ် ဖြစ်သွားပြီ' ဆိုပြီး သူတို့ ဟာသလုပ်ကြတယ်၊ သဘောပေါက်တယ် မဟုတ်လား? ကျွန်တော်ကတော့ ဒါကို အရမ်းဒေါသထွက်ခဲ့ပါတယ်"
"ကျွန်တော်တို့ အနိုင်မရတဲ့ပွဲ ဒါမှမဟုတ် သရေကျတဲ့ပွဲတစ်ခုမှာ ဒန်နီယယ်လီဗိုင်းဆီ မက်ဆေ့ချ်ပို့ခဲ့တာကို ကျွန်တော် မှတ်မိနေပါသေးတယ်"
"သူက ကျွန်တော့်ဆီ 'စိတ်မပူပါနဲ့၊ နောက်ပွဲ နိုင်ပါလိမ့်မယ်' လို့ ပြန်ပို့ခဲ့ပါတယ်"
"ကျွန်တော်က 'ဘာကြီးလဲဟ...?' လို့ ပြောဆိုပြီး သူ့ကို 'သေချာ ကြည့်ပါဦးဗျာ!' လို့ပဲ ထပ်ခါတလဲလဲ ပြောနေခဲ့မိပါတယ်"
"အခြေအနေတွေကို အနည်းငယ်ပြောင်းလဲပစ်ချင်တဲ့ ရည်မှန်းချက်နဲ့အတူ တော့တင်ဟမ်ဆီ ကျွန်တော် သွားခဲ့တာပါ"
"(ဘောလုံးဆိုင်ရာ မန်နေဂျင်းဒါရိုက်တာနဲ့ ဂျူဗင်တပ်စ် လုပ်ဖော်ကိုင်ဖက်ဟောင်း ဖာဘီယို) ပါရာတီစီ အဲ့ဒီမှာ ရှိနေတာလည်း တစိတ်တပိုင်း ပါဝင်ပါတယ်။ ကျွန်တော် ရောက်လာချိန် သူတို့တွေ အဆင့် ၉ နေရာမှာ ရှိနေခဲ့ပါတယ်။ ကျွန်တော်တို့က အာဆင်နယ်ကို ကျော်တက်ပြီး အဆင့် ၄ နေရာနဲ့ ရာသီသိမ်းနိုင်ခဲ့ပါတယ်" လို့ ကွန်တီက နိဂုံးချုပ် ပြောကြားခဲ့ပါတယ်။
ဒါ့အပြင် ကွန်တီက သူ့ရဲ့ အနာဂတ်နဲ့ပတ်သက်ပြီး "ထိုက်တန်မယ်ဆိုရင်" ရာသီဝက်အတွင်း အခန်းကဏ္ဍသစ်တစ်ခုကို တာဝန်ယူသွားဖို့ လမ်းဖွင့်ထားဆဲပဲလို့ အရိပ်အမြွက် ပြောကြားသွားခဲ့ပါတယ်။