
ဝက်စ်ဟမ်းကြယ်ပွင့် ကူဒက်စ်ကို ပေါင် ၅၅ သန်းနဲ့ခေါ်ယူဖို့ သဘောတူညီမှုရထားတဲ့ တော့တင်ဟမ်
တော့တင်ဟမ်ဟာ ဝက်စ်ဟမ်းရဲ့ကွင်းလယ်တိုက်စစ်ကြယ်ပွင့် မိုဟာမက်ကူဒက်စ်ကို ပေါင် ၅၅ သန်းနဲ့ခေါ်ယူဖို့ သဘောတူညီထားကြောင်း ESPN သတင်းဌာနက ဖော်ပြလာခဲ့ပါတယ်။ ဂါနာလက်ရွေးစင်ကစားသမားဟာ တော့တင်ဟမ်နဲ့ ၆ နှစ်သက်တမ်းရှိစာချုပ်တစ်ရပ်ကို ချုပ်ဆိုသွားမှာဖြစ်ပြီး လာမယ့် ၄၈ နာရီအတွင်း ဆေးစစ်မှုတွေကို အပြီးသတ်လုပ်ဆောင်သွားမယ်လို့ သိရပါတယ်။
သတင်းတွေအရ တော့တင်ဟမ်ဟာ ကူဒက်စ်ကိုခေါ်ယူဖို့ ပထမဆုံးအကြိမ် ပေါင်သန်း ၅၀ နဲ့ကမ်းလှမ်းခဲ့သေးပေမယ့် ဝက်စ်ဟမ်းဘက်က ပယ်ချထားခဲ့တယ်လို့ဆိုပါတယ်။အသက်-၂၄ နှစ်အရွယ်ကစားသမားရဲ့ စာချုပ်ဖျက်သိမ်းကြေးဟာ ပေါင် ၈၅ သန်းအထိရှိနေပေမယ့် ယခုအခါမှာ ဝက်စ်ဟမ်းက လျှော့ဈေးနဲ့ရောင်းချဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။ မကြာသေးမီက ချဲလ်ဆီးကလည်း ကူဒက်စ်ကို ပစ်မှတ်ထားစောင့်ကြည့်ခဲ့သေးပေမယ့် တော့တင်ဟမ်က လက်ဦးမှုရယူပြီးခေါ်ယူနိုင်ခဲ့တာလည်းဖြစ်ပါတယ်။
ကူဒက်စ်ဟာ ၂၀၂၃ ခုနှစ်မှာ အေဂျက်စ်မှ ဝက်စ်ဟမ်းသို့စတင်ပြောင်းရွှေ့လာခဲ့ပြီး ၂ ရာသီအတွင်း ပြိုင်ပွဲစုံ ပွဲ ၈၀ ကစားကာ ၁၉ ဂိုးသွင်းပြီး ဂိုးဖန်တီးမှု ၁၃ ကြိမ်ပြုလုပ်ပေးခဲ့ပါတယ်။