စပိန်ကို အရေးနိမ့်ခဲ့တဲ့ ကွာတားဖိုင်နယ်ပွဲစဉ်အပြီး ကစားသမားဘဝအနားယူသွားတဲ့ တိုနီခရူးစ်
ယမန်နေ့ညပိုင်း၊ စပိန်အသင်းကို အချိန်ပိုမှာ ၂-၁ ဂိုးဖြင့် ရှုံးနိမ့်ကာ ဂျာမနီအသင်းရဲ့ ယူရို-၂၀၂၄ ခရီးစဉ် ဆုံးခန်းတိုင်ပြီးနောက် တိုနီခရူးစ်လည်း ဘောလုံးလောကမှ တရားဝင်အနားယူသွားခဲ့ပါပြီ။
ရီးရဲလ်မက်ဒရစ်နဲ့အတူ ပြီးခဲ့တဲ့ဆယ်စုနှစ်တစ်ခုတာကာလကို ဖြတ်သန်းခဲ့တဲ့ ဂန္တဝင်ကွင်းလယ်လူက အမိမြေမှာကျင်းပမယ့် ဥရောပချန်ပီယံရှစ်ပြိုင်ပွဲကြီးအပြီး ကစားသမားဘဝအနားယူမယ်လို့ လွန်ခဲ့တဲ့မေလအတွင်း တရားဝင်ကြေညာခဲ့ပါတယ်။ သူ့ရဲ့နိုင်ငံ့လက်ရွေးစင်အသင်းက စပိန်အသင်းကို ရှုံးနိမ့်ကာ ပြိုင်ပွဲမှမထွက်ခွာရခင်အချိန်အထိ စိတ်လှုပ်ရှားစရာ ဘောလုံးပွဲတော်ကြီးမှာ အကောင်းဆုံးရှေ့ဆက်နိုင်ခဲ့ပါတယ်။
တိုနီခရူးစ်ရဲ့ကြီးကျယ်ခမ်းနားလှတဲ့ ကစားသမားဘဝမှာ ကလပ်အသင်းနဲ့ နိုင်ငံ့အသင်းအတွက် စုစုပေါင်း ဆုဖလား ၃၄ ခုအထိ ဆွတ်ခူးရရှိခဲ့ပါတယ်။ ဒါပေမယ့် သူက ယူရိုချန်ပီယံဆုတော့ မရရှိခဲ့ပါဘူး။ အခုပြိုင်ပွဲကာလအတွင်း ပြသခဲ့တဲ့ စွမ်းဆောင်ရည်တွေကြောင့် တိုနီခရူးစ်အနေဖြင့် ကစားသမားဘဝအနားယူဖို့ဆုံးဖြတ်ချက်ကို မှန်မှန်ကန်ကန်ချမှတ်ဖြစ်ခဲ့သလားဆိုတဲ့ မေးခွန်းထုတ်မှုတွေ ထွက်ပေါ်လာခဲ့ပါတယ်။ ဒါပေမယ့် ဂျာမန်ကြယ်ပွင့်ကတော့ လက်ရှိအချိန်အထိ ကစားသမားဘဝအနားယူမယ့် ဆုံးဖြတ်ချက်ကို ဆက်လက်ကိုင်စွဲထားခဲ့ပါတယ်။
ပြီးခဲ့တဲ့မေလအတွင်း Instagram လူမှုကွန်ရက်စာမျက်နှာမှတဆင့် တိုနီခရူးစ်က “ မက်ဒရစ်မြေမှာ ၁၀ နှစ်ကြာ ကစားပြီးနောက် ရာသီကုန်ဆုံးချိန်မှာ ဒီကဏ္ဍကို အဆုံးသတ်လိုက်ဖို့ ဆုံးဖြတ်ထားပါတယ်။ တချိန်တည်းမှာပဲ ဒီဆုံးဖြတ်ချက်က ကျွန်တော့်ရဲ့ပရော်ဖက်ရှင်နယ်ဘောလုံးသမားဘဝကို ယူရိုပြိုင်ပွဲကြီးအပြီးမှာ ရပ်တန့်ပစ်ရလိမ့်မယ်လို့ အဓိပ္ပါယ်ဆောင်ပါတယ်။ ကျွန်တော် အမြဲတမ်း ပြောခဲ့ဖူးသလိုပဲ ရီးရဲလ်မက်ဒရစ်ဟာ ကျွန်တော့်အတွက် နောက်ဆုံးကလပ်အသင်း ဖြစ်လာပါလိမ့်မယ်။ ကျွန်တော့်ရဲ့စိတ်ထဲမှာလည်း ဝမ်းသာဂုဏ်ယူမိပါတယ်။ ဒီဆုံးဖြတ်ချက်ကို သင့်လျော်မှန်ကန်တဲ့အချိန်မှာ ကျွန်တော့်ဆန္ဒအတိုင်း ချမှတ်ခဲ့တာပါ”လို့ ရှင်းပြခဲ့ပါတယ်။
တိုနီခရူးစ်လိုပဲ ဂျာမနီလက်ရွေးစင်အသင်းကလည်း ၁၉၉၆ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ဥရောပချန်ပီယံဆုကို အမိမြေမှာ ရယူနိုင်မယ့် အခွင့်အရေးကို စွန့်လွှတ်လိုက်ရပါတယ်။