The network connection is lost.

Banner Image

ဂါနာချိုကို လေဗာကူဆင်သို့ခေါ်ယူလိုနေတဲ့ တန်ဟက်

လေဗာကူဆင်နည်းပြသစ် အဲရစ်တန်ဟက်က အိုးလ်ထရက်ဖို့ဒ်မှာ လက်တွဲခဲ့ဖူးတဲ့ မန်ချက်စတာယူနိုက်တက်တောင်ပံကစားသမား အလီဂျန်ဒရိုဂါနာချိုနဲ့ ပြန်လည်လက်တွဲဖို့ စိတ်အားထက်သန်နေတာကြောင့် ခေါ်ယူဖို့ကြိုးစားနေတယ်လို့ သတင်းတွေထွက်ပေါ်လာပါတယ်။
 
အပြောင်းအရွှေ့ကျွမ်းကျင် ဖာဘရီဇီယိုရိုမာနိုရဲ့အဆိုအရ တန်ဟက်ဟာ ယခုနွေရာသီမှာပဲ ဂါနာချိုကို ခေါ်ယူနိုင်ဖို့ပြင်ဆင်နေတယ်လို့သိရပြီး ယူနိုက်တက်ဘက်ကလည်း ကစားသမားကိုရောင်းချဖို့ဆုံးဖြတ်ထားတာဖြစ်ပါတယ်။  ယူနိုက်တက်နည်းပြ ရူဘင်အာမိုရင်အနေနဲ့လည်း ဂါနာချိုကို အသင်းသစ်ရှာဖွေဖို့ ပြောကြားထားတယ်လို့ သတင်းတွေက ဖော်ပြထားခဲ့တာဖြစ်ပါတယ်။

အာဂျင်တီးနားသားဟာ အဲရစ်တန်ဟက်လက်အောက်မှာ စုစုပေါင်း ၉၈ ပွဲကစားခဲ့ပြီး ဂိုး ၂၀ အထိသွင်းယူကာ ဂိုဖန်တီးမှု ၁၅ ကြိမ်ပြုလုပ်ပေးနိုင်ခဲ့ပါတယ်။ သို့သော်လည်း ဂါနာချိုကို နာပိုလီနဲ့ ချဲလ်ဆီးတို့ကလည်း စိတ်ဝင်စားနေကြတာကြောင့် လေဗာကူဆင်အနေနဲ့ ခေါ်ယူနိုင်ဖို့ ခက်ခက်ခဲခဲညှိနှိုင်းသွားရဖို့ရှိပါတယ်။  အာမိုရင်လက်အောက်မှာတော့ ဂါနာချိုတစ်ယောက် ခြေစွမ်းကျဆင်းသွားခဲ့ပြီး ပွဲ ၄၀ ကစားခဲ့ရာမှာ ၄ ဂိုးသာသွင်းယူနိုင်ခဲ့သလို၊ ဂိုးဖန်တီးမှုလည်း ၆ ကြိမ်သာပြုလုပ်နိုင်ခဲ့ပါတယ်။

 ပြီးခဲ့တဲ့ ၂၀၂၄-၂၅ ရာသီမှာ ယူနိုက်တက်ဟာ ပရီးမီးယားလိဂ်အမှတ်ပေးဇယားရဲ့အဆင့် ၁၅ နေရာမှာသာရပ်တည်နိုင်ခဲ့သလို၊ ယူရိုပါလိဂ်ဆုဖလားကိုလည်း ဆုံးရှုံးခဲ့ရတာကြောင့် ဂါနာချိုအနေနဲ့ အိုးလ်ထရက်ဖို့ဒ်မှထွက်ခွာဖို့ ဆန္ဒရှိနေပုံပေါ်ပါတယ်။ အသက်-၂၀ နှစ်အရွယ်ကစားသမားအနေနဲ့ ယခုနွေရာသီမှာပဲ ယူနိုက်တက်နဲ့လမ်းခွဲဖို့သေချာသလောက်ဖြစ်နေပြီး တန်ဟက်နဲ့ပဲပြန်လည်လက်တွဲသွားနိုင်မလား၊ အခြားအသင်းသို့ရောက်ရှိသွားမလား စောင့်ကြည့်ရပါမယ်။