
ဂါနာချိုကို ခေါ်ယူရန် စိတ်ဝင်စားနေတဲ့ ပရီးမီးယားလိဂ်ကလပ် (၃) သင်း
အာဂျင်တီးနားလက်ရွေးစင် ကစားသမား အယ်လီဟန်ဒရို ဂါနာချို ဟာ ပြီးခဲ့တဲ့ရာသီကုန်ပိုင်းကတည်းက စွမ်းဆောင်ရည် ကျဆင်းလာခဲ့ပြီး ဒီအပတ်မှာ ရူဘင် အမ်မိုရင် ရဲ့ အသင်း ရာသီကြိုလေ့ကျင့်ရေးအတွက် ကာရင်တန် ကို ပြန်ရောက်လာချိန်မှာ ပထမအသင်း လူစာရင်းကနေ ချန်လှပ်ခံခဲ့ရပါတယ်။ ကစားသမားနဲ့ နည်းပြတို့ကြားက ပဋိပက္ခတွေဟာ ပြီးခဲ့တဲ့ရာသီကုန်ပိုင်း ယူရိုပါလိဂ် ဗိုလ်လုပွဲမှာ အမ်မိုရင်က ဂါနာချိုကို အံ့အားသင့်ဖွယ်ရာ ပွဲထွက်လူစာရင်းကနေ ချန်လှပ်ခဲ့ချိန်မှာ အထွတ်အထိပ် ရောက်ရှိခဲ့ပါတယ်။
ယူနိုက်တက်ဟာ တော့တင်ဟမ်ကို ၁-၀ ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပြီးနောက် ဂါနာချိုက ပွဲပြီးခါနီးအထိ သူ့ကို လူစားဝင်ခုံမှာ ထိုင်ခိုင်းထားတဲ့ ဆုံးဖြတ်ချက်ကို မေးခွန်းထုတ်ခဲ့ပါတယ်။ အသက် ၂၁ နှစ်အရွယ် ကစားသမားဟာ ပရီးမီးယားလိဂ်ရာသီ ပြီးဆုံးပြီးနောက် ချက်ချင်းပြုလုပ်ခဲ့တဲ့ ယူနိုက်တက်ရဲ့ ရာသီကုန်ခရီးစဉ်မှာ ပါဝင်ဖို့ အတင်းအကျပ် ခိုင်းခံခဲ့ရပေမဲ့ ဒါဟာ ယာယီဖြေလျော့ပေးမှုတစ်ခုသာ ဖြစ်ခဲ့ပါတယ်။
ဂါနာချိုဟာ မားကပ်စ် ရက်ရှ်ဖို့ဒ် ရဲ့ နာမည်နဲ့ ကျောနံပါတ်ပါတဲ့ အက်စ်တွန်ဗီလာ ဂျာစီကို ဝတ်ဆင်ပြီး ဆိုရှယ်မီဒီယာမှာ ဓာတ်ပုံတင်ခဲ့တာကြောင့် ပြီးခဲ့တဲ့လက ထပ်မံဒေါသထွက်စေခဲ့ပြီး ဒါက နောက်ဆုံးကောက်ရိုးတစ်မျှင် ဖြစ်ခဲ့ပါတယ်။ သူ့ရဲ့ စိတ်နေစိတ်ထားက မေးခွန်းထုတ်စရာ ရှိပေမဲ့ ဒီတောင်ပံကစားသမားကို ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ အသင်းများစွာ ရှိနေပါတယ်။ အဲဒီအထဲမှာ နွေရာသီခေါ်ယူမှုတွေကို နှေးကွေးစွာ စတင်နေတဲ့ ဗီလာ လည်း ပါဝင်ပါတယ်။
ပြီးခဲ့တဲ့ရာသီက ခြေစွမ်းပြခဲ့တဲ့ ဇန်နဝါရီလ အငှားခေါ်ယူမှု နှစ်ဦးဖြစ်တဲ့ ရက်ရှ်ဖို့ဒ်နဲ့ မာကို အဆန်စီယို တို့ဟာ သူတို့ရဲ့ မူလကလပ်တွေဆီ ပြန်သွားခဲ့ကြပါပြီဖြစ်ပါတယ်။ Daily Mail ရဲ့ ဖော်ပြချက်အရ အူနိုင်း အမ်မရီ ဟာ ဂါနာချိုကို သဘောကျပြီး သူ့ကို ဗီလာပါ့ခ် ကို ခေါ်ဆောင်ဖို့ စိတ်ဝင်စားနေပါတယ်။ တစ်ချိန်တည်းမှာပင် ချဲလ်ဆီး ကလည်း ဇန်နဝါရီလတုန်းက သူ့ကို ပြန်လည်ဝယ်ယူဖို့ ကြိုးစားခဲ့ပြီး ဂျာအို ပက်ဒရို နဲ့ လီယမ် ဒီလက်ပ် တို့လို ကစားသမားတွေကို ခေါ်ယူထားပြီး ဖြစ်လင့်ကစား တိုက်စစ်ပိုင်း ခေါ်ယူမှုတွေ ထပ်မံပြုလုပ်ချင်နေဆဲ ဖြစ်ပါတယ်။
လန်ဒန်ပြိုင်ဘက် တော့တင်ဟမ်ကလည်း အယ်လီဟန်ဒရို ဂါနာချို ကို ခေါ်ယူရန် စိတ်ဝင်စားနေပါတယ်။ ဂါနာချိုဟာ ယူနိုက်တက် ကနေ ဖယ်ထုတ်ခံထားရတဲ့အတွက် သူ့ရဲ့ ပြောင်းရွှေ့ကြေး တန်ဖိုးက သိသိသာသာ ကျဆင်းသွားခဲ့ပါတယ်။ သရဲနီတွေက ဂါနာချိုကို မူလက ပေါင် ၇၀ သန်းလောက် တန်ဖိုးဖြတ်ထားခဲ့ပေမဲ့ အခုချိန်မှာတော့ သူ့ကို လက်လွှတ်ဖို့အတွက် သိသိသာသာ လျှော့ချထားတဲ့ တန်ဖိုးကို လက်ခံရတော့မှာ ဖြစ်ပါတယ်။ ယူနိုက်တက်အသင်းဟာ ယခုရက်သတ္တပတ် စတော့ဟုမ်း မှာ လိဒ်စ်ယူနိုက်တက် နဲ့ ရာသီကြိုပွဲ ကစားမှာဖြစ်ပေမဲ့ ဂါနာချိုအပါအဝင် မာကပ်စ် ရက်ရှ်ဖို့ဒ် ၊ ဂျေဒန် ဆန်ချို ၊ အန်တိုနီ နဲ့ တိုင်ရယ်လ် မာလာစီယာ တို့ကို အသင်းနဲ့အတူ မပါဝင်ဖို့ ပြောကြားထားပါတယ်။