
ဘောလုံးအားကစားမှာ ရေရှည်ကိုကြည့်ခြင်းက အမှားတစ်ခုဖြစ်တယ်လို့ဆိုလာတဲ့ မာရှေယာနို
အင်တာမီယာမီနည်းပြချုပ် ဂျာဗီယာမာရှေယာနိုက သူ့အနေနဲ့ အသင်းအတွက် လက်ရှိရာသီကိုပဲ အကောင်းဆုံးဖြစ်အောင်စွမ်းဆောင်ဖို့ အာရုံစိုက်ထားကြောင်းနဲ့ ဘောလုံးအားကစားမှာ ရေရှည်ကိုကြည့်ခြင်းက အမှားတစ်ခုဖြစ်တယ်လို့ ပြောကြားလာခဲ့ပါတယ်။
အာဂျင်တီးနားသားနည်းပြဟာ ယခုအခါမှာ အင်တာမီယာမီကို ၃၁ ပွဲအထိကိုင်တွယ်ထားခဲ့ပြီဖြစ်ပြီး ၁၇ ပွဲအထိ နိုင်ပွဲရရှိအောင်စွမ်းဆောင်ပေးနိုင်ခဲ့ကာ မေဂျာလိဂ်အမှတ်ပေးဇယားရဲ့ အဆင့် ၅ နေရာမှာရပ်တည်ထားစေခဲ့ပါတယ်။ပြီးခဲ့တဲ့ ဧပြီလနဲ့ မေလအတွင်းမှာတော့ မာရှေယာနိုဟာ အင်တာမီယာကို ၈ ပွဲကိုင်တွယ်ခဲ့ပြီး ၁ ပွဲသာအနိုင်ရအောင်စွမ်းဆောင်နိုင်ခဲ့တာကြောင့် ထိုစဉ်ကသူ့ရဲ့နည်းပြဘဝအနာဂတ်ဟာ မေးခွန်းထုတ်စရာဖြစ်ခဲ့ပါတယ်။
မာရှေယာနိုတစ်ယောက် ဖိအားတွေအောက်ရောက်ခဲ့ပေမယ့် ကြံ့ကြံ့ခံရင်ဆိုင်ခဲ့ပြီး ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲမှာလည်း မီယာမီကိုအကောင်းဆုံးဦးဆောင်နိုင်ခဲ့ကာ ၁၆ သင်းအဆင့်ထိတက်ရောက်စေခဲ့ပါတယ်။ တစ်ချိန်တည်းမှာပဲ အသင်းရဲ့စူပါစတားတိုက်စစ်မှူး လီယွန်နယ်မက်ဆီကလည်း ဂိုးတွေဆက်တိုက်သွင်းလာနိုင်တာကြောင့် အင်တာမီယာမီအတွက် အချိုပေါ်သကာဆင့်ဆိုသလို ဖြစ်ခဲ့ရပါတယ်။
မက်ဆီဟာ မေဂျာလိဂ်မှာကစားခဲ့တဲ့နောက်ဆုံး ၅ ပွဲဆက်တိုက်ဂိုးသွင်းနိုင်ခဲ့ပြီး ကြံ့ခိုင်မှုလည်း အပြည့်အဝထိန်းသိမ်းထားနိုင်တာဖြစ်ပါတယ်။ လက်ရှိအချိန်မှာ အင်တာမီယာမီဟာ အမှတ်ပေးဇယားရဲ့ ပဉ္စမနေရာမှာရပ်တည်နေပြီး မာရှေယာနိုက ယခုရာသီအတွင်းမှာပဲ အသင်းကို အကောင်းဆုံးတည်ဆောက်ဖို့ပြင်ဆင်ထားကြောင်း ပြောကြားလာခဲ့ပါတယ်။
အာဂျင်တီးနားသားနည်းပြက "နည်းပြတစ်ယောက်အနေနဲ့ ကျွန်တော့်ရဲ့အမြင်မှာတော့ ဒီရာသီထက်ကျော်ပြီး အနာဂတ်ကိုသွားကြည့်နေစရာမလိုဘူးလို့ထင်ပါတယ်။ ဒီအလုပ်မှာ ရေရှည်ကိုကြည့်တာက အမှားတစ်ခုပါပဲ။ လက်ရှိအချိန်မှာပဲ ကိုယ့်ရဲ့ကိုယ်စွမ်း ဉာဏ်စွမ်းကို အပြည့်အဝအသုံးချနိုင်ဖို့လိုပါတယ်" လို့ပြောကြားခဲ့ပါတယ်။
လာမယ့် စင်စင်နာတီနဲ့ပွဲစဉ်မှာ မက်ဆီဂိုးသွင်းနိုင်ဖို့မျှော်လင့်ထားကြောင်းကိုလည်း မာရှေယာနိုက "မကြာသေးမီက ကစားခဲ့တဲ့ ပွဲစဉ်တိုင်းက မက်ဆီအတွက် တွန်းအားဖြစ်စေမှာပါ။ စင်စင်နာတီနဲ့ပွဲမှာ ဂိုးသွင်းနိုင်မယ်လို့ မျှော်လင့်ပါတယ်" လို့ပြောကြားခဲ့ပါတယ်။ မက်ဆီဟာ မေဂျာလိဂ်ကလပ်အတော်များများကို ဂိုးသွင်းထားနိုင်ဖြစ်ပေမယ့် စင်စင်နာတီကိုတော့ အခုချိန်အထိ ဂိုးသွင်းယူနိုင်ခြင်းမရှိတာကြောင့် လာမယ့်ကြာသပတေးနေ့မှာ ပထမဆုံးအကြိမ် သွင်းဂိုးရယူသွားနိုင်မလား စောင့်ကြည့်ရပါမယ်။