The network connection is lost.

Banner Image

အမ်ဘာပေရဲ့ဒဏ်ရာ ခွဲစိတ်ကုသမှုလုပ်ဖို့ လိုအပ်လိမ့်မယ်လို့ ဆိုလိုက်တဲ့ ပြင်သစ်နည်းပြ ဒက်စ်ချမ့်စ်

ပြင်သစ်လက်ရွေးစင်အသင်းနည်းပြ ဒီဒီယာဒက်စ်ချမ့်စ်က အမ်ဘာပေရဲ့နှာခေါင်းအရိုးကျိုး ဒဏ်ရာဟာ ခွဲစိတ်ကုသမှုခံယူဖို့အထိ လိုအပ်လိမ့်မယ်လို့ ပြောဆိုလိုက်ပါတယ်။

ယမန်နေ့မနက်ပိုင်း၊ သြစတြီးယားအသင်းကို ၁-၀ ဂိုးဖြင့် အနိုင်ရရှိတဲ့ ပြင်သစ်အသင်းရဲ့ ယူရို-၂၀၂၄ အုပ်စုအဖွင့်ပွဲစဉ်မှာ အသက် -၂၅ နှစ်အရွယ်ကစားသမားက သာမန်ပွဲကစားချိန်ပြီးဆုံးခါနီး ပြိုင်ဘက်နောက်ခံလူ ဒန်ဆိုနဲ့အပြိုင်ခေါင်းခုန်တိုက်ချိန် ပြိုင်ဘက်ရဲ့ပုခုံးကို သူ့ရဲ့မျက်နှာနဲ့ တိုက်မိခဲ့ပြီးနောက် နှာခေါင်းအရိုးကျိုးဒဏ်ရာ ရရှိခဲ့ပါတယ်။

ပြင်သစ်ဘောလုံးအဖွဲ့ချုပ်ရဲ့ထုတ်ပြန်ချက်တစ်ရပ်မှာ အမ်ဘာပေအနေဖြင့် လက်ကျန်ယူရိုပွဲစဉ်တွေကို မျက်နှာဖုံးတပ်ဆင်ကစားရဖွယ်ရှိတယ်လို့ ဖော်ပြခဲ့ပါတယ်။ ဒါပေမယ့် ပြင်သစ်လက်ရွေးစင်အသင်း နည်းပြကတော့ တိုက်စစ်ကြယ်ပွင့်အနေဖြင့် အနာဂတ်မှာ ဒဏ်ရာကို ခွဲစိတ်ကုသမှု မဖြစ်မနေလုပ်ဆောင်သွားရလိမ့်မယ်လို့ ထုတ်ပြောလာပါတယ်။

ဒက်စ်ချမ့်စ်က “ မနက်ဖြန်ကျရင်တော့ သူ့ရဲ့ဒဏ်ရာ အခြေအနေတိုးတက်မှုဖြစ်စဉ်တွေအပေါ် အကဲဖြတ်သွားဖို့ နောက်ထပ်စစ်ဆေးစမ်းသပ်မှုတွေ လုပ်ဆောင်သွားရပါလိမ့်မယ်။ အသင်းဆေးအဖွဲ့ဝင်တွေကလည်း သူ့ရဲ့ဒဏ်ရာသက်သာလာစေဖို့ အရာရာတိုင်းကို အကောင်းဆုံး လုပ်ဆောင်ပေးခဲ့ပါတယ်။ လတ်တလောမှာ ခွဲစိတ်ကုသမှုခံယူဖို့မလိုဘူးဆိုရင်တောင် နောက်ပိုင်းမှာတော့ အမ်ဘာပေအနေနဲ့ ခွဲစိတ်ကုသမှုခံယူသွားရပါလိမ့်မယ်။ ဒီနေ့တော့ သူ့ရဲ့အခြေအနေ ပိုကောင်းလာပါတယ်။ ကျွန်တော်တို့ဘက်ကလည်း သူ့ရဲ့အခြေအနေတိုးတက်လာမှုကို နေ့စဉ်စောင့်ကြည့်သွားရပါလိမ့်မယ်”လို့ ဆိုပါတယ်။

အခုယူရိုပြိုင်ပွဲအတွက် ဗိုလ်စွဲဖို့ ရေပန်းစားနေတဲ့အသင်းတွေထဲမှာ ပါဝင်နေတဲ့ ပြင်သစ်အသင်းက လာမယ့်သောကြာနေ့မှာ အုပ်စုတွင်းအဓိကပြိုင်ဘက်နယ်သာလန်နဲ့ ရင်ဆိုင်ရပါမယ်။